ဆင်ဖြူကျွန်းအောင်သိန်း
ရမ်းဘိုကုန်းရွာ၏ ကောင်းကင်ပြင်၌ ဆင်ဖြူကြီး ပျံဝဲနေလေ၏။
“ဟေ ဆင်ကြီးဟ၊ ဆင်ကြီး ခွေးပုရေ၊ လာဟေ့ ဒီမှာကြည့်လှည့်”
မည်သူက အစပြု၍ အော်လိုက်သည်မသိသော အသံများသည် ရမ်းဘိုကုန်းတစ်ရွာလုံးကို ဖုံးခြုံသွားလေသည်။
“ဟဲ့ ငကြွက်၊ နွားတွေ ဘာတွေ တိုးမိမယ်နော်။ ကလေးကို ဂရုစိုက် ”
ညနေစောင်းပြီမို့ အိမ်ပြန်နွားများဖြင့်လည်း လမ်းမှာစည်တတ်၏။ ကလေးများဖြင့်လည်း ပြည့်တတ်သည်။ ကလေးနှင့်တွေ့သောအခါ နွားကပင်ရှောင်သွားစမြဲဖြစ်သော်လည်း တိုးဝှေ့ပြေးလွှားသော နွားအုပ်နှင့်ကြုံပါမူ မတော်တဆနင်းသွားတတ်ပေ၏။ သို့ကြောင့် ကလေးအမေများက အော်ဟစ်သတိပေးကြခြင်းဖြစ်သည်။
“ဟာ ... ဟုတ်တယ်ဟ”
“ကြာစူးရေ ဆင်ကြီးဟ၊ ဆင်ကြီးမှ နည်းတဲ့ ဧရာနန္ဒဆင်ကြီး မဟုတ်ဘူး”
ကောင်းကင်တွင် တိမ်ခြေရှင်း၏။ ပြာစင်သော မိုးသားနောက်ခံဝယ် ငွေရုပ်သွင်ဆင်ဖြူကြီးသည် တရွေ့ရွေ့နှင့် တောင်မှမြောက်သို့ လွင့်မျောနေ၏။
တောင်မှမြောက်သို့ အစဉ်တစိုက်လွင့်ပြေးလာရာက ရမ်းဘိုကုန်း ရွာနားအရောက်တွင် အင်္ဂါထောင့်သို့ထိုးသွားပြီး ပုတီးပင်ဘုရားပေါ် လောက်သို့အရောက်တွင် ရမ်းဘိုကုန်းရွာဘက်သို့ ထပ်မံရွေ့လာပြန်သည်။
“ဟာ ပြန်လာပြီဟ၊ ပြန်လာပြီ” ကလေးများသည် ဝမ်းသာအားရအော်ကြ၏။ “ဟယ် မှိုင်းတေအန်လာပြီ။ မှိုင်းတွေ မှိုင်းတွေ”
အပြာနောက်ခံနှင့် ပနံရစွာ ငွေတောင်ကြီးလို ဆွတ်ဆွတ်ဖြူနေသော ဆင်ကြီးဝမ်းဗိုက်မှ မီးခိုးများ အူထွက်နေ၏။ မီးခိုးတန်းကြီးသည် မိန်းမပျို၏ဆံပင်လေမှာလွင့်သလို လွင့်ပျံလုံးထွက်နေ၏။
သို့ရာတွင် ဆင်ဖြူကြီး၏ဝမ်းဗိုက်တွင် တပ်ဆင်ထားသော မှိုင်းသွင်းသည့် မီးတုတ်မှာ မီးမငြိမ်းသေးပေ။ အရှိန်ကောင်းကောင်းဖြင့် တောက်လောင်နေလေ၏။ ထိုမီးကွင်းမှာ အဝတ်ကို ရေနံစိမ်ပြီး သံချောင်းနှင့်တပ်၍ မီးရှို့လွှတ်လိုက်ခြင်းဖြစ်သည်။ ဤဆင်ရုပ်မီးပုံးပျံကို မလွှတ်မီကပင် အခြားသော ရေနံမီးတုတ်တစ်ခုဖြင့် ဆင်ရုပ်၏ တစ်ကိုယ်လုံး မှိုင်းပြည့်အောင် လုပ်ပေးလိုက်ပြီး လွှတ်ခါနီးမှ မီးကွင်းကို မီးရှို့ပေးလိုက်သည်။ မီးပုံးပျံ၏အခေါင်းထဲ၌ မှိုင်းအား လျော့မသွားအောင် ထိုမီးကွင်းက ဖြည့်ပေး၏။
“ကျတော့မယ်ဟေ့ ကျတော့မယ်”
ကာလသားပေါက်စကလေးများနှင့် ကာလသားကြီးများသည် ရွာပြင်သို့ ပြေးထွက်သွားကြ၏။ သူတစ်ပါး လွှတ်လိုက်သော မီးပုံးပျံအားကုန်၍ကျသည်ကို မပျက်မစီး လိုက်လံကောက်ယူ၍ရလျှင် သူတို့က ထပ်မံလွှတ်ရန်ပင်ဖြစ်သည်။ သို့ရာတွင် ဆင်ဖြူရုပ်ကြီးကား မကျရုံသာမက ရမ်းဘိုကုန်းရွာပေါ်သို့အရောက်တွင် အပေါ်သို့ ထိုးတက်သွားလေ၏။
“ဆင်ရုပ်ကြီးဟေ့ ဆင်ရုပ်ကြီး” ကလေးများ၏ တစ်ခဲနက် အော်သံက ကိုဆေးရိုး၏ နားထဲသို့ တိုးဝင်လာလေသည်။
ကိုဆေးရိုးသည် လက်စသတ်သွားပြီဖြစ်သော မီးအိမ်ကို အသာချထားလိုက်ပြီး တံစက်မြိတ်လွန်အောင်ထွက်၍ မော့ကြည့်သည်။ မျက်စိပြာသီပြီဖြစ်သည့်အပြင် မီးပုံးပျံကလည်း မြင့်တက်သွားပြီမို့ ကိုဆေးရိုးမှာ ပက်လက်လန်မတတ် မော့ကြည့်မှ မြင်ရသည်။ သို့စဉ် တွင် သူ့ခေါင်းတွင် ပတ်ထားသောခေါင်းပေါင်းစောင်မှာ ဖုတ်ခနဲ ပြုတ်ကျသွားလေ၏။ ခေါင်းပေါင်းစောင် ပြုတ်ကျသွားသည်နှင့် တစ်ပြိုင်နက် ကိုဆေးရိုးမှာ ချာခနဲလှည့်၍ ကုန်းကောက်လိုက်သည်တွင် “တကတည်းတော် မကြီးမငယ်နဲ့”ဟူသော မကျီးဒန်၏ အသံသြကြီး ကြောင့် ကိုဆေးရိုး၏ခေါင်းပေါင်းစောင်နှင့် ထိလုလုလက်မှာ တွန့်ဆုတ်သွားလေ၏။ ခေါင်းပေါင်းစောင်အရိကလေးမှာ မကျီးဒန်၏ ရှေ့တည့်တည့်မှာ ကျမိလျက်သားဖြစ်နေသည်။ မကျီးဒန်က မန်ကျည်းပင်၏ အေးရိပ်ကိုခိုကာ ကျကျနန မုန့်ထုပ်နေခြင်းဖြစ်ပေသည်။
“မကြီးမငယ်နဲ့ ငါကဘာလုပ်လို့လဲဟ ဟေ”
ကိုဆေးရိုးသည် မကျီးဒန်အား ပြန်မေးပြီးမှ ခေါင်းပေါင်းစောင်ကို ကောက်ယူသည်။ ဖုတ်ဖက်ခါ၍ ခေါင်းတွင်ပြန်ပတ်သည်။
“မီးပုံးပျံကြည့်တာက တော့်အလုပ်လားလို့။ မသကာ ဒီမှာ မုန့်ကူနှဲ(နယ်)လို့ လုပ်လို့လုပ်ပါလား၊ အခုတော့ မကြီးမငယ်နဲ့”
“တယ်၊ မုန့်ကူပြီးထုပ်စမ်းပါပြောလည်း ရိုးရိုးပဲ ပြောစမ်းပါ ကျီးဒန်ရာ”
ကိုဆေးရိုးက မကျီးဒန်နှင့် ဘေးတိုက် ဝင်ထိုင်လိုက်သည်။ မုန့်ထုပ်ရန် ဖက်ကိုကြည့်သောအခါ ဆုတ်ပြီးသားဖက်မရှိပေ။ နံနက် က ခုတ်လာသော ငှက်ပျောရွက်များသာ အလက်လိုက်ရှိနေ၏။
“ညည်းဟာက ဘယ်မလဲ ထုပ်စရာဖက်”
“မရှိလည်း ကိုယ့်ဘာသာကိုယ်ဆုတ်ပေါ့တော်။ တော့်ကို ဆုတ်ပေးနေရဦးမှာလား”
မကျီးဒန်ကတော့စ၍ မျက်နှာချင်းဆိုင်မိသည်မှစ၍ အငေါ်တူးနေ၏။ ကိုဆေးရိုးမှာ ဘာမျှပြန်မပြောဘဲ ငှက်ပျောလက်များကိုထဆွဲပြီး အရွက်များကို အတန်းလိုက်ရအောင် ဆွဲခွာနေ၏။ မုန့်ထုပ်မည့် ငှက်ပျောရွက်ကို သည်လိုပဲခွာရသည်။ အလက်အကြောပါပါအောင် ဆွဲခွာပြီးမှ မစုတ်မကွဲသောဖက်များကို တစ်ထုပ်စာစီ ဖဲ့ယူရသည်။ အလက်တွင်ကပ်လျက် သေးသေးငယ်ငယ်လေးတွေ ဖဲ့ယူပါက အရင်းဖွာပြီး ပဲ့ကုန်တတ်ပေ၏။ ငှက်ပျောလက်ဆယ်လက်ခန့်ကို ခွာပြီးသည့်နောက်၌ ကိုဆေးရိုးက အကြောများကို ဖဲ့ပစ်သည်။ ဖက်ရွက်များကို မဖြဲမဆုတ်သေးဘဲထပ်ထားကာ အားလုံးကို အကြောသင်ပြီးမှ ပုဆိုးစုတ်တစ်ထည်ဖြင့် နှစ်ဖက်ညှပ်ပွတ်ဆွဲ၍ သုတ်သင်ပြန်ပေသည်။
ရွာလယ်လမ်း၌ကား မီးပုံးပျံထွက်ကြည့်သော ကလေးများသည် မီပုံးပျံပျောက်ကွယ်သွားသည့်တိုင်အောင် လူစုမကွဲကြသေးပေ။ ဆူညံစွာ ဆော့ကစားနေကြ၏။
ကိုဆေးရိုးတို့အိမ်ဝိုင်းအတွင်းရှိ မန်ကျည်းပင်ရိပ်တွင်ကား လမ်းမနှင့်ခြားနားစွာ တိတ်ဆိတ်နေ၏။ မကျီးဒန်က မုန့်ကိုမဲ၍ထုပ်နေသလို ကိုဆေးရိုးကလည်း ဖက်ကိုအလျင်အမြန်သုတ်၍ ပြီးစီးနိုင်ရန် ကြိုးစားနေ၏။
မကျီးဒန်သည် မုန့်အဖြူသား၏အခွက်ထဲသို့ ကုလားပဲနှင့် ထန်းလျက်ရောသည့်အစာ(ဌာပနာ)ကို ထည့်မြှုပ်ပြီးလျှင် ဖက်ဖြင့်မထုပ်ပေ။ လက်ဖြင့် ကိုင်မြဲကိုင်ကာ ငြိမ်သက်နေ၏။ အမှန်မှာ အလုပ် လုပ်ရင်းတန်းလန်းက မကျီးဒန်တစ်ယောက်မှာ ငေးမောနေမိခြင်း ဖြစ်ပေသည်။ သူသည် နွားတင်းကုပ်ဘက်သို့ အမှတ်မဲ့ငေးကြည့်နေ၏။ နွားတင်းကုပ်တွင်းရှိ အဆင့်(ကျပ်ခိုးစင်)ပေါ်တွင် ရေနံအပြောင်သားဖြင့် ထွန်ထုံး၊ ထယ်တုံးနှင့် ထမ်းပိုးတုံးများကို မြင်ရ၏။ လယ်လုပ်ကိရိယာများကား အငြိမ်းစားသွားကြလေပြီ။
နွားတင်းကုပ်ထဲတွင်မူ နွားနီကြီးသည် နွားစာခေါင်းအရှည်ကြီးထဲရှိ နွားစာများကို ဟိုထိုးသည်မွှေလုပ်နေ၏။ စာဥကြီးမှာမူ တင်းကုပ် ၏အပြင်ဘက်သို့ ကြိုးတစ်ဆုံးထွက်ကာ နှစ်ခြိုက်စွာ အိပ်ပျော်နေပေသည်။
မကြာပါချေ။ နွားနီကြီးသည် နွားစာခေါင်းကို ဖင်ပေး၍ တင်းကုပ်အပြင်သို့ ထွက်လာသည်။ ကြိုးတစ်ဆုံးရောက်သည်နှင့်တစ်ပြိုင်နက် မြေကြီးကို တရှူးရှူးကုန်းနမ်း၍ တဗုန်းဗုန်းမြည်လာအောင် မြေပြင်ကို ရှေ့ခြေဖြင့်ယက်၍ ရင်ဘတ်အောက်သို့ ပက်သွင်းနေလေ၏။
သည်အခါကျမှ မကျီးဒန်မှာ သတိပြန်ဝင်လာကာ မထုပ်ရသေး သော မုန့်ကိုဖက်ဖြင့် ပတ်သည်။ ထုပ်ပြီးသား မုန့်ထုပ်များစီထည့်ထားရာ ဆန်ကောထဲသို့ အသာချလိုက်၏။
“အင်း နင်တို့မှာတော့ ငြိမ်းလို့ အေးလို့ပါကလား ဖိုးနီရဲ့”
မကျီးဒန်က နွားနီကြီးကို လှမ်း၍ပြောရာက
“တို့များဖြင့် လယ်မပိတ်သေးတော့ မပိတ်သေး၊ လယ်ပိတ်ပြန်တော့လည်း လယ်ပိတ်သွားလို့ အလုပ်နဲ့လက်နဲ့ကို မပြတ်ပါလားဟဲ့။ နင်တို့မတော့ ဟင်း”
“တော်စမ်းပါဟာ”
ကိုဆေးရိုးက ညည်းညူသံဖြင့် မာန်လေသည်။ “ဟိုကနွား၊ ဒီကလူ၊ တူသလား”
ကိုဆေးရိုးက သုတ်ပြီးသား ဖက်တစ်ထပ်ကို မကျီးဒန်ဘေးသို့ ချပေးရင်း မာန်နေပြန်လေသည်။
တစ်ဖန်ဆက်၍ “ညည်းဟာက တို့ကျောင်းသားတုန်းက ချစ်ပန်းနဲ့တူနေပြီ။ ချစ်ပန်းက ဆွမ်းခံလည်းမလိုက်ချင်၊ ဆွမ်းချက် လည်းမထချင်၊ စာလည်းမအံချင်ပေမယ့် ဘုန်းကြီးရဲ့ကြိမ်လုံး ကြောက်လို့ လုပ်ရတာကိုး”
ငယ်ဖြစ်ကို ပြန်လှန်ဆွေးနွေးရသဖြင့် ကိုဆေးရိုး၏မျက်နှာမှာ လန်းနေပုံရ၏။
“တစ်နေ့ကျတော့ ဘသားချောက အုတ်လှေကားရင်းမှာအိပ်နေ တဲ့ ခွေးကြီးရှေ့မှာ သေသေချာချာသွားထိုင်ပြီး ကျားဘိုရယ် နင့်မှာတော့ ငါ့လိုစာလည်းမအံရဘူး၊ ဆွမ်းလည်းမခံရဘူး၊ ဘုန်းကြီးလည်း နှိပ်မပေးရဘူး၊ စားလိုက် အိပ်လိုက်နဲ့ သိပ်ပြီးဟန်ကျပါလားလို့ သွားညည်းသတဲ့။ ကတည်း အဲဒါကို ဘုန်းကြီးကြားလည်းကြားရော ဟိုက အဟိတ်တိရစ္ဆာန်ခွေး၊ နင်ကလူ၊ တူသလားဟဲ့ဆိုပြီး ကျောင်းပေါ်ခေါ် ဆော်လဘန်တေတော့တာပဲဟေ့ ဟားဟား”
ကျိုးကုန်ပြီဖြစ်သော သွားကြွင်းသွားကျန်တွေ ပေါ်အောင် ကိုဆေးရိုး က အားရပါးရရယ်ချလေ၏။ မကျီးဒန်မှာ မသိမသာပြုံးနေရသည်။
“အေး၊ အခုလည်း ညည်းက လူ၊ ဟိုက နွား၊ တူမလား ကျီးဒန်ရဲ့။ ညည်းမှာက ကုသိုလ်မှန်း၊ အကုသိုလ်မှန်း ခွဲသိတယ်၊ နွားက သိသလား”
“ ဒါတော့တော် ပင်ပန်းလွန်းတော့လည်း ညည်းမိတာပေါ့။ တစ်ခါတလေတော့လည်း ခွေး၊ နွား တိရစ္ဆာန်ကမှ မပူမပင်နေရ သေးတယ် ထင်မိပါရဲ့”
“ဖြစ်ရလေတယ် ကျီးဒန်ရယ်။ ကဲ ညည်းကြည့်စမ်း၊ နွားတွေမှာ မြေကြီးပေါ်မှာအိပ်ရတဲ့ ဘဝက တက်သလား၊ တို့ဆိုရင် အရင်လို မြေကြီးပေါ်မှာ ကွပ်ပျစ်နဲ့ အိပ်ရတဲ့ဘဝကနေပြီး အခု အဆင့်ကလေးနဲ့ အိပ်နိုင်လာပြီ။ အရင်က အိမ်သာမရှိဘူး။ ဟော အခု အိမ်သာနဲ့”
“ဒါကတော့ လူကိုးတော်ရဲ့၊ ဒါလောက်တော့ ပြောင်းလဲရမှာပေါ့”
“အေးလေ၊ ဒါကြောင့် ညည်းဟာလူပါလို့ ငါ ပြောနေတာပေါ့ ”
ကိုဆေးရိုးမှာ စိတ်ထဲကသိသော်လည်း မကျီးဒန် နားရှင်းအောင် ပါးစပ်မှရှင်းမပြတတ်သဖြင့် မချင့်မရဲနှင့် အဆုံးသတ်ကာ ထရပ်ရင်း ပြော၏။
(ဆက်လက်ဖော်ပြပါမည်)