ခြင်းလုံး Event-1 ပြိုင်ပွဲတွင် မြန်မာအသင်း ကြေးဆုရရှိ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစား ပြိုင်ပွဲ၏ ခြင်းလုံးပြိုင်ပွဲ တတိယနေ့အဖြစ် Event-1 ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ မြန်မာအသင်း ကြေးဆုရပြီး ထိုင်းအသင်း ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည်။

 

တတိယနေ့တွင် Event-1 ပြိုင်ပွဲကျင်းပခဲ့ပြီး ထိုင်း အသင်းက ရွှေတံဆိပ်၊ မလေးရှားအသင်းက ငွေတံဆိပ်၊ မြန်မာအသင်းက ကြေးတံဆိပ်ရရှိသည်။ ယင်းပြိုင်ပွဲတွင် လေးသင်းပတ်လည်ကစားခဲ့ပြီး အမှတ်အများဆုံးရသည့် ထိုင်းအသင်း ၃၀၁ မှတ် နှင့် မလေးရှား ၂၁၂ မှတ်တို့မှာ ဗိုလ်လုပွဲတက်ခဲ့ပြီး ၂၀၂ မှတ်ရသည့် မြန်မာအသင်းနှင့် ၁၂၈ မှတ်ရသည့် လာအိုအသင်းတို့မှာ တတိယနေရာ လုပွဲ ကစားခဲ့ရသည်။ ဗိုလ်လုပွဲတွင် ထိုင်းအသင်းက မလေးရှားအသင်းကို ၃၀၅-၂၀၉ မှတ်၊ တတိယနေရာလုပွဲတွင် မြန်မာအသင်းက လာအိုအသင်းကို ၂၀၄-၁၉၁ မှတ်ဖြင့် အနိုင်ရခဲ့သည်။

 

ပြိုင်ပွဲနောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး Event-4 ပြိုင်ပွဲကျင်းပမည် ဖြစ်သည်။ တတိယနေ့အပြီးတွင် မြန်မာအသင်းက ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခု၊ လာအိုအသင်းက ရွှေတစ်ခု၊ငွေတစ်ခု၊ ထိုင်းအသင်းက ရွှေတစ်ခု၊ ကြေးနှစ်ခု၊ မလေးရှားအသင်းက ငွေတစ်ခု ရရှိထားသည်။ 

 

ရှိုင်းထက်ဇော်