ဟားခါး ၄ စက်တင်ဘာ 


ချင်းပြည်နယ်အတွင်း အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးအပေါ် ကူညီထောက်ပံ့မှု စီမံကိန်း ရပ်ရွာလူထုသဘာဝဘေးစီမံခန့်ခွဲမှု အစီအစဉ် ရေးဆွဲခြင်း အတွေ့အကြုံ မျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီက ဟားခါးမြို့  မြို့နယ်ခန်းမ၌ကျင်းပသည်။    

 

1

 


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဉီးဝီကောက အမှာစကားပြောကြားရာတွင် ချင်းပြည်နယ်အတွင်း ကျေးလက်ဒေသများတွင် သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် လူမှုအခြေခံ အဆောက်အဉီများကို မူလအခြေအနေသို့ ပြန်လည်ရရှိအောင် တည်ဆောက်ပေးခြင်းအပြင် ဒေသခံပြည်သူများအား သဘာဝဘေးနှင့် ပတ်သက်၍ သတိရှိလာအောင် အသိရှိလာအောင် အသိပညာပေး သင်တန်းပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ပေးခြင်းတို့ကို အာရှဖွံ့ဖြိုးရေးဘဏ်၏ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနအနေဖြင့်လည်း ယခုလို ဆောင်ရွက်သကဲ့သို့ နောင်တွင်လည်းကျရာအခန်းကဏ္ဍမှ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြဖို့ ထည့်သွင်းပြောကြားသည်။


ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန (ရုံးချုပ်) ညွှန်ကြားရေးမှူး ဉီးကျော်စွာအောင် ကစီမံကိန်းကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး အာရှဖွံ့ဖြိုးရေးဘဏ် မှ Mr.Chanthou Hem က ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ချင်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူး ဉီးကြည်စောက ရပ်ရွာလူထုသဘာဝဘေးစီမံချက် (DRM Plan) များအား ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန ပြည်နယ်တာဝန်ခံ ဉီးကျော်စိုးဝင်းထံ လွှဲပြောင်းပေးအပ်ပြီး တက်ရောက်လာကြသူများအား မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ ချင်းပြည်နယ်လွှတ်တော်ဉက္ကဌ ဉီးဇိုဘွဲ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ပြည်နယ်ဉီးစီးမှူးနှင့် ဝန်ထမ်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ဆက်လက်ပြီး အလုပ်ရုံဆွေးနွေးပွဲကျင်းပရာ ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း အရေးပေါ် ကူညီထောက်ပံ့မှု စီမံကိန်းလုပ်ငန်းဆောင် ရွက်မှုအခြေအနေများ ၊ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ၊ ကျေးရွာလူထုမှ သဘာဝဘေးစီမံခန့်ခွဲမှု ရေးဆွဲခြင်းဆိုင်ရာ အတွေ့အကြုံ သင်ခန်းစာများအား မျှဝေခြင်းများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြပြီး အနာဂတ် စီမံကိန်း လုပ်ငန်းများအတွက် အစုအဖွဲ့လိုက် ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။


ခရိုင်(ပြန်/ဆက်)