ဟားခါး   ဇန်နဝါရီ  

 

ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က “မြို့နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းနှင့် ဆေးပစ္စည်း လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် တွက်ချက်တင်ပြရန်လိုကြောင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံနိုင်မှု အားနည်းသည့် မြို့နယ်များ အပြည့်အဝ ထိုးနှံနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း၊ ပိုးတွေ့ရှိမှု များပြားသည့် ချွန်ကျုံးကျေးရွာရှိ လူနာများအတွက် လိုအပ်သည့် ဆေးဝါးများ ဆက်လက်ထောက်ပံ့ရန်နှင့် အောက်ဆီဂျင် အိုးများ အမြဲမပြတ် စစ်ဆေးရန်” အမှာစကားပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံ၊ ချွန်ကျုံးကျေးရွာအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသဆေးများ ထောက်ပံ့ပေးမှု အခြေအနေ၊ ချင်းပြည်နယ်မှ ဝယ်ယူထားသည့် ဆေးဝါးပစ္စည်းများ သက်ဆိုင်ရာ မြို့နယ်များသို့ သယ်ယူပို့ဆောင်နိုင်ရေး ဆောင်ရွက်မှုအခြေအနေ၊ ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေနေများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ သယံဇာတရေးရာ ဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူကြီးစိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပစ္စည်း လိုအပ်ချက်၊ ပြည်နယ်အတွက် ရရှိသည့်ဆေးဝါးများ သယ်ယူနိုင်မည့် အခြေအနေ၊ ထပ်မံမှာယူသည့် ၄၀ လီတာ အောက်ဆီဂျင်အိုးများ ရောက်ရှိမှု၊ မြို့နယ် ကိုးမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသဆေးများ ဝယ်ယူနိုင်ရေး လျာထားဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါပိုး ရှာဖွေစစ်ဆေးမှုကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန် လိုအပ်မှုနှင့် ဆရာဝန် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများကို အကြံပြု ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။         

 

ခရိုင်(ပြန်/ဆက်)