ဟားခါး ၂၀ ဧပြီ
ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း အသုံးပြုနိုင်ရန် Health and Hope(မြန်မာ)မှ ဆေးနှင့် ဆေးပစ္စည်းများ၊ ပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ ညနေ ၄ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် တက်ရောက်၍ လက်ခံရယူခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် Dr.SaSa ဦးဆောင်သော Health and Hope(မြန်မာ)ကိုယ်စား Dr.Sakie,DCEO, HHM က ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ချင်းပြည်နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများ အပါအဝင် ဆေးရုံများအတွက် ဆေးနှင့် ဆေးပစ္စည်းအမျိုးပေါင်း (၁၈)မျိုးနှင့် ကျေးရွာပေါင်း (၁၄၀)အတွက် ဆေးနှင့်ဆေးပစ္စည်း အမျိုးပေါင်း (၂၈)မျိုး၊ ချင်းတိုင်းရင်းသားဘာသာ၊ မြန်မာဘာသာတို့ဖြင့် ပုံနှိပ်ထားသည့် ပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း အသုံးပြုနိုင်ရန် ငွေကျပ် သိန်းပေါင်း နှစ်ထောင့်တစ်ရာခြောက်ဆယ်ကျော် တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ၊ ငွေကျပ် သိန်းတစ်ရာတန်ဖိုးရှိ ချင်းတိုင်းရင်းသားဘာသာ၊ မြန်မာဘာသာတို့ဖြင့် ပုံနှိပ်ထားသည့် ပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် Dr.SaSa ဦးဆောင်သော Health and Hope(မြန်မာ)မှ လှူဒါန်းသည့် ပစ္စည်းများကို တိုက်နယ်ဆေးရုံများအပါအဝင် ကျေးရွာပေါင်း (၁၄၀)အား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြင့်နိုင်စိုး (ပြန်/ဆက်)