ဟားခါး ဒီဇင်ဘာ ၁၆
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ဆက်လက်၍ ဟားခါးမြို့နယ် ခရစ်ယာန်ဂိုင်းပေါင်းစုံ ဓမ္မအမှုဆောင်များအဖွဲ့ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာ ဒေါက်တာ စတီဗင် လျန်ဟုပ်လိန်းက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု ခြေအနေနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရသေးသည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူစာရင်း ကောက်ယူမှုအခြေအနေ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းများနှင့် ဆက်လက်ထိုးနှံနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကို လည်းကောင်း ရှင်းလင်း ဆွေးနွေးကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့် ဆက်လက်ထိုးနှံမည့် အစီအမံများ၊ မြို့နှင့်နီးစပ်သည့် ကျေးရွာများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ RTD ဖြင့် ရှာဖွေစစ်ဆေးဆောင်ရွက်မည့် အစီအမံများနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေနှင့် အိုမီခရွန် ကိုဗစ်ဗီဇပြောင်းရောဂါပိုးနှင့် ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီးစောထွန်းတို့က Mask Campaign များ ဆက်လက်ဆောင်ရွက်ရေး၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စည်းကမ်းသတ်မှတ်ချက်များ လိုက်နာရေးအတွက် ကြပ်မတ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရည်မှန်းဦးရေအတိုင်း ရာခိုင်နှုန်းပြည့် ထိုးနှံနိုင်ရေးတို့နှင့် ပတ်သက်၍ အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်တက်လမ်း