ဟားခါး ဒီဇင်ဘာ ၂
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁ ရက်က ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်က “ဟားခါးမြို့နှင့် ဖလမ်းမြို့များတွင် ကိုဗစ်−၁၉ ဖြစ်ပွားမှု လျော့နည်းကျဆင်း လာသည့်အတွက် Stay at Home မြို့နယ်မှ ဖြေလျှော့နိုင်ရေး ကိုဗစ်−၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး မဖြစ်မနေထိုးနှံကြရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ ရောဂါနှင့်ပတ်သက်သည့် တစ်ဦးချင်းလိုက်နာရမည့် အသိပေးချက်၊ သတိပေးချက်နှင့် ထုတ်ပြန်ကြေညာချက်များကို တိတိကျကျ လိုက်နာဆောင်ရွက် သွားရန်လိုအပ်ကြောင်း” အမှာစကား ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော် ဆောင်များအဖွဲ့ အတွင်းရေးမှူး သိက္ခာတော်ရဆရာ ဒေါက်တာစတီဗင်လျန်ဟုပ်လိန်းက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို လည်းကောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်−၁၉ ရောဂါ RDT ဖြင့် ရှာဖွေစစ်ဆေးမှု၊ ရောဂါဖြစ်ပွားမှုနှင့် ကုသမှုအခြေအနေများ၊ ဦးတည်အုပ်စုအလိုက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအမံများ၊ Mask Campaign နှင့် အသိပညာပေး လုပ်ငန်း ဆောင်ရွက်မှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လူမှုရေးဝန်ကြီး ဦးသန့်ဇင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အကြံပြုဆွေးနွေးကြပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်တက်လမ်း