ချင်းပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေး ပြည်နယ်အဆင့်လုပ်ငန်းကော်မတီနှင့် ဒေသတွင်း သတင်းမီဒီယာများတွေ့ဆုံ

ဟားခါး   ၁   ဧပြီ    
    
ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိသည့်နည်းတူ ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား သတင်း အချက်အလက်များထုတ်ပြန်ပေးနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေး လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်လာနိုင်စေရန် ဒေသတွင်း သတင်းမီဒီယာများကတစ်ဆင့် နှိုးဆော်ပေးနိုင်ရေး ချင်းပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေးလုပ်ငန်း ကော်မတီ ဝင်များနှင့် ဒေသတွင်းသတင်းမီဒီယာများတွေ့ဆုံပွဲကို မတ်လ၃၁ ညနေ ၆ နာရီအချိန်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး ပြည်နယ်လူမှုရေးဝန်ကြီးရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

a

 

ရှေးဦးစွာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေး ပြည်နယ်အဆင့်လုပ်ငန်းကော်မတီဉက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က  ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍  ချင်းပြည်နယ်အတွင်း လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပြည်နယ်အစိုးရအဖွဲ့က ကြိုတင်ပြင်ဆင်ထားရှိပြီးမှု အခြေအနေ များကို ဆွေးနွေးပြောကြားပြီးနောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံကကမ္ဘာ့တစ်ဝှမ်းတွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍  သိကောင်းစရာများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုနှင့်အတူ မြို့နယ်များအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေး စမ်းသပ်ကိရိယာများ၊ ကာကွယ်ရေးပစ္စည်းများ ကုသရေးဆေးဝါးများ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် သတင်းမီဒီယာဌာနများ ဖြစ်သော HakhaPost, Chin world နှင့်The Chin Journal တို့မှသတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြပြီး သတင်း မီဒီယာများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတို့က ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေး အရေးပေါ်သုံးစွဲနိုင်ရန် ရန်ပုံငွေကျပ်သိန်း (၂၀)နှုန်းဖြင့် မြို့နယ်(၉)မြို့နယ်ကို ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေမှ ခွဲဝေထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်လူမှုရေးဝန်ကြီးက ပြောကြားခဲ့သည်။

မြင့်နိုင်စိုး(ပြန်/ဆက်)