ဟားခါး ၈ ဇွန်
ချင်းပြည်နယ်အတွင်း COVID-19 ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ယာဉ်မှတ်ပုံတင်ခြင်း လုပ်ငန်းများအပါအဝင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ယာယီရပ်နားထား ရာမှ ဇွန်လ ၈ ရက် (ယနေ့) မှစ၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ (ကညနရုံး)မှ ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်ဦးထံမှ သိရှိရသည်။
“ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်းမှာ ရောဂါပိုးကူးစက်မှု မဖြစ်ရအောင် ဝန်ဆောင်မှုလုပ်ငန်းများကို ခေတ္တယာယီရပ်ထားခဲ့တာပါ။ ဇွန်လ ၈ ရက်နေ့က စပြီးတော့ ယာဉ်မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း လုပ်ငန်းတွေ၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ လူစုလူဝေးနှင့်ဆောင်ရွက် ရတဲ့ ယာဉ်၊ လမ်းစည်းကမ်း အပါအဝင်၊ ယာဉ်မောင်းလိုင်စင် အသစ်ဆောင်ရွက်ခြင်းတွေကိုတော့ ဆက်လက် ရပ်နားထားအုန်းမှာဖြစ်ပြီး ဆောင်ရွက်ခွင့်ပြုခဲ့ရင်လည်း ထပ်မံအသိပေးသွားမှာ ဖြစ်ပါတယ်”ဟု ၄င်းက ပြောပြခဲ့ပါတယ်။
“ယာဉ်မောင်း လိုင်စင်များ၊ ယာဉ်များ သက်တမ်းတိုးရာမှာ ဝန်ဆောင်မှုလုပ်ငန်းများ စတင်ရပ်နား ခဲ့တဲ့ ၂၀၂၀ပြည့်နှစ် မတ်လ ၃၀ရက်နေ့မှ ဇွန်လ ၈ ရက်နေ့အထိ ရက်ပေါင်း ၇၀အတွင်း သက်တမ်းလွန် ခဲ့တာတွေကို သက်တမ်းလွန်ဒဏ်ကြေး ပေးဆောင်ရန်မလိုဘဲ စတင်ရပ်နားခဲ့တဲ့ မတ်လ ၃၀ ရက် မတိုင်ခင် သက်တမ်းကုန်ခဲ့တာတွေကတော့ ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်”ဟု ၄င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။
ယာဉ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းကင်းလွတ်ကာလမှာ ၂၀၂၀ ပြည့်နှစ် မတ်လ ၃၀ ရက်နေ့ ကုန်ဆုံးသူတွေကို ဇွန်လကုန်အထိလည်းကောင်း၊ ဧပြီလ ၃၀ ရက်နေ့ကုန်ဆုံးသူတွေကို ဇူလိုင်လ ကုန်အထိ လည်းကောင်း၊ မေလ ၃၁ ရက်နေ့ကုန်ဆုံးသူတွေကို သြဂုတ်လကုန်အထိ လည်းကောင်း၊ ဇွန်လ ၃၀ ရက်နေ့ကုန်ဆုံးသူတွေကို စက်တင်ဘာလကုန်အထိလည်းကောင်း ဒဏ်ကြေးကင်းလွတ် ခွင့်ပြုကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


