၁၁ ဇန်နဝါရီ
မြန်မာ့အလင်းအယ်ဒီတာအာဘော်
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် Groupe de Recherche et d' E- changes Technologiques (GRET) တို့သည် နားလည်မှုစာချွန်လွှာ တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ နားလည်မှုစာချွန်လွှာသည် စားနပ်ရိက္ခာ ဖူလုံရေး၊ အသက်မွေးဝမ်းကျောင်းမှုမြှင့်တင်ရေးနှင့် သဘာဝ အရင်းအမြစ်များ ထိရောက်အကျိုးရှိစွာ စီမံခန့်ခွဲရေးအတွက် ညှိနှိုင်း ထားသော နားလည်မှုစာချွန်လွှာဖြစ်ပါသည်။ဤနားလည်မှုစာချွန်လွှာ သည် ချင်းပြည်နယ်အတွက် ရည်ရွယ်ထားသော နားလည်မှုစာချွန်လွှာဖြစ်၍ ပို၍လေးနက်မှုရှိသည်ဟု ဆိုရမည်ဖြစ်ပါသည်။
ချင်းပြည်နယ်ရှိ လူဦးရေသည် တစ်နိုင်ငံလုံးလူဦးရေ၏ ဝ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဖွံ့ဖြိုးမှုနိမ့်ကျဆဲ ပြည်နယ်တစ်ခု ဖြစ်ပါသည်။ ပြည်ထောင်စုကြီးတစ်ရပ်လုံး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေးအတွက် ချင်းပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို မဖြစ်မနေမြှင့်တင်ပေးရမည် ဖြစ် ပါသည်။ ယခုလက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာအရ ချင်းပြည်နယ်(မြောက်ပိုင်း)၊ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန် မြို့နယ်များနှင့် ချင်းပြည်နယ်(တောင်ပိုင်း)ပလက်ဝမြို့နယ်တို့တွင် စားနပ် ရိက္ခာဖူလုံဝပြောရေး၊ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးနှင့်သဘာဝအရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ စီမံခန့်ခွဲရေးအပါအဝင် ဒေသခံ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဝင်ငွေတိုးတက် ရေးလုပ်ငန်းများအား ပြန်လည်မြှင့်တင်ပေးခြင်း စီမံကိန်းတို့ကို အကောင် အထည်ဖော်သွားမည် ဖြစ်ပါသည်။ အထက်၌ တင်ပြထားသည့်လုပ်ငန်း စီမံကိန်းတို့ကို သုံးနှစ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
Groupe de Recherche et d' Echanges Technologiques (GRET) သည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအတွက် လုပ်ကိုင် နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်ပါသည်။ ဤအဖွဲ့အစည်း (GRET) သည် အာရှ၊ အာဖရိက၊ ဥရောပနှင့် လက်တင်အမေရိကရှိ နိုင်ငံတို့၌ ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်ပါသည်။ အဆိုပါ ရည်ရွယ်ချက်များနှင့် အညီ ဤအဖွဲ့အစည်း (GRET) သည် လုပ်ငန်းစီမံကိန်းများ လက်တွေ့အကောင်အထည်ဖော်ခြင်းနှင့် အတူ သုတေသနနှင့် သတင်းအချက်အလက်များ ဖလှယ်ပံ့ပိုးခြင်းကို လည်း ဆောင်ရွက်ပေးပါသည်။ ဤအဖွဲ့အစည်း (GRET) သည် မရှိမဖြစ် ဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်း၊ ရေရှည်တည်တံ့သော စားနပ်ရိက္ခာနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးမှုကို ဆောင်ရွက်ခြင်း၊ အသေးစားချေးငွေနှင့် အသေးစားလုပ်ငန်းတို့အတွက် ပံ့ပိုးခြင်းအပါအဝင် မူဝါဒပုံဖော်ချမှတ် ရေးတို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးပါသည်။
သို့ဖြစ်ပါ၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဤအဖွဲ့ (GRET) တို့ကြား လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာသည် ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိ ရောက်ရောက်ပံ့ပိုးကူညီ ဆောင်ရွက်နိုင်မည်ဖြစ်၍ ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။