နေပြည်တော် ၁၁ စက်တင်ဘာ

ချင်းပြည်နယ် ပလက်ဝမြို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2)၌ ချင်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ကုမ္ပဏီတာဝန်ရှိသူများ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 

01

 

အဆိုပါနားလည်မှုစာချွန်လွှာကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် ရှေ့မှောက်တွင် ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် Chin Mandalar Co. Ltd မှ Managing Director ဦးစိုးထက်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါစီမံကိန်းသည် ချင်းပြည်နယ် စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပလက်ဝမြို့ မြို့ပြအိမ်ယာ ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမည့် ပမာဏမှာ ငွေကျပ် ၃ ဒသမ ၅ ဘီလီယံရှိမည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့နံနက်ပိုင်းကလည်း ချင်းပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ် ၆ ဒသမ ၅ ဘီလီယံတန်ကြေးရှိ ဟိုတယ်လုပ်ငန်းသုံးခုနှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၇ သန်း တန်ကြေးရှိလုပ်ငန်း ၂ ခု လုပ်ကိုင်ဆောင်ရွက်နိုင်ရန် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ တိုးတက်လာစေရန်အတွက် ရင်းနှီးမြှုပ်နှံ မှုဖိုရမ်များအား နိုင်ငံတော်အစိုးရက ကျင်းပလျက်ရှိရာ ချင်းပြည်နယ် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်နှင့် လျှပ်စစ်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် စိတ်ဝင်စားလျက်ရှိကြောင်း နေပြည်တော်တွင် စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ကျင်းပခဲ့သည့် Myanmar Global Investment Forum သို့ တက်ရောက်လာသည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များထံမှ သိရသည်။ 

ဟန်မင်း