နေပြည်တော် ၂၉ သြဂုတ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်အထိ တိုက်ပွဲရှောင် အိမ်ထောင်စု (၂၅၅)စု၊ လူဦးရေ(၁၃၄၀)ဦးတို့သည် နေရပ်စွန့်ခွာ၍ နီးစပ်ရာကျေးရွာများ၌ ခေတ္တအခြေချ နေထိုင်လျက်ရှိပြီး တိုက်ပွဲရှောင်စခန်း သီးခြားဖွင့်လှစ်ထားခြင်း မရှိပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးလျက် ရှိသည်ဟု သိရှိရပါကြောင်း “ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့ မှုများ ပေးရန်” နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြားခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့မှ တိုက်ပွဲရှောင်ပြည်သူများ၏ မြေပြင်စာရင်းအမှန်အား ကောက်ခံလျက်ရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြခြင်း၊ လိုအပ်သောပစ္စည်းများထောက်ပံ့ရန်ကြီးကြပ်ညွှန်ကြားခြင်း၊ အလှူရှင်များ၊ NGO/INGO အဖွဲ့များနှင့် ချိတ်ဆက်ညှိနှိုင်း၍ ကူညီစီစဉ်ထောက်ပံ့ပေးခြင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များကလည်း အခါအားလျော်စွာ ကွင်းဆင်း၍ ကူညီထောက်ပံ့ပေးခြင်း၊ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင် ပြည်သူများအား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် လူမှုရေး အသင်းအဖွဲ့များမှ နေ့စဉ်အနီးကပ်ကြီးကြပ်၍ ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနေထိုင်ခဲ့ကြသည့် ကျေးရွာ (၂၄)ရွာမှ အိမ်ထောင်စု(၁၁၃၂)စုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့အထိ စားနပ်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ၊ အိမ်ဆောက်ပစ္စည်းများ (၄၂၀)စုံ၊ သေဆုံးနှင့် ဒဏ်ရာရသူ(၈)ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်းကျပ် (၇၄.၆၈၁)သန်းကို ထောက်ပံ့ပေးခဲ့ပါကြောင်း။

ထပ်မံ၍ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့တွင် AA စခန်းမှ ထွက်ပြေးလွတ်မြောက်လာသည့် အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၂)ဦးနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ်၊ ရွာသစ်ကျေးရွာမှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့မှ (၇)ရက်နေ့အထိ ပြန်လည်ရောက်ရှိခဲ့သည့် တိုက်ပွဲရှောင်အိမ်ထောင်စု(၄၆)စု၊ လူဦးရေ (၁၅၆)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၄၉)စု၊ လူဦးရေ (၁၆၈)ဦးတို့အတွက် စားနပ်ရိက္ခာ (၃)လစာထောက်ပံ့ငွေ (၆.၃၉၈)သန်းကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း။

တိုက်ပွဲရှောင်စခန်းများရှိ ကလေးသူငယ်များအတွက် ကလေးပျော်နေရာ(၁)ခုကို ပလက်ဝမြို့နယ်၊ မီးဆာကျေးရွာတွင် ဖွင့်လှစ်ရန်ထောက်ပံ့ငွေကျပ်(၁.၅)သန်းဖြင့် ကလေးကစားပစ္စည်းများကို စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ နယ်မြေအေးချမ်းပါက ချက်ချင်းသွားရောက် ပို့ဆောင်ဖွင့်လှစ်ပေးရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း။


လိုအပ်ချက်အပေါ်မူတည်၍ အသက်မွေးဝမ်းကျောင်းသင်တန်းများကို ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် နယ်မြေလုံခြုံရေးအခြေအနေပေါ်မူတည်၍ သင်ကြားပေးရန်နှင့် စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးပေးရန် အသင့်စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း။

တိုက်ပွဲရှောင်ပြည်သူများအနက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ကမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးများအား တစ်လလျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် ထောက်ပံ့ခြင်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှ စတင်၍လည်းကောင်း၊ အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအား တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ထောက်ပံ့ခြင်းကို ၂၀၁၇ ခုနှစ်၊ ဧပြီလမှ စတင်၍ လည်းကောင်း၊ မသန်စွမ်းသူများအား တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင်လည်းကောင်း ဝန်ကြီးဌာနက ချင်းပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ထောက်ပံ့ ပေးနိုင်ခဲ့ပါကြောင်း။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈ ခုနှစ်၊ (၆)လ ဘတ်ဂျက်အတွင်း ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ကျောင်းသုံးပစ္စည်းများ၊ ဆိုလာများ၊ အိမ်ပြုပြင်ရန်တို့အတွက် ထောက်ပံ့ပေးခဲ့ပါကြောင်း။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နှင့် (၂၇)ရက်နေ့များတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း ရာသီဥတုအခြေအနေကြောင့် မသွားရောက်နိုင်ခဲ့သည့်အတွက် မိမိတို့ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ချင်းပြည်နယ်အစိုးရအဖွဲ့အပြင် စေတနာရှင်ပြည်သူများ၏ ထောက်ပံ့ငွေကျပ် (၂၃၆၆.၈၄)သိန်းကို ချင်းပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်သူများထံ ဆက်လက်ပေးအပ်ရန် ဆောင်ရွက်ခဲ့ပါကြောင်း။

လွှဲပြောင်းထောက်ပံ့ငွေများကို ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးနှင့် ပြည်နယ်၊ ခရိုင်ဌာနဆိုင်ရာတာဝန်ရှိသူများက ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ၊ သဘာဝဘေးသင့်ပြည်သူများနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး(နတလ)သင်တန်းကျောင်းမှ သင်တန်းသားများကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့တွင် ပလက်ဝမြို့၊ ကီမိုခန်းမ၌ ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း။

ပလက်ဝမြို့နယ်ရှိ UN, INGO အဖွဲ့အစည်းများမှလည်း ကျန်းမာရေးစောင့်ရှောက်မှုအသိပညာပေးခြင်း၊ စိုက်ပျိုးနည်းပညာများပေးခြင်း၊ ဆန်ရိက္ခာထောက်ပံ့ပေးခြင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး နှင့် ဖြစ်ရပ်စီမံခန့်ခွဲခြင်းလုပ်ငန်းများ၊ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.StephanSakalianနှင့် အဖွဲ့မှ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့က တွေ့ဆုံစဉ် ပလက်ဝမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ကြက်ခြေနီလှုပ်ရှားမှု(Red Cross Movement)ဖြင့် လူသားချင်းစာနာမှုအကူအညီပေးရေးကို အသေးစိတ်အဆိုပြုပုံစံပြန်လည်တင်ပြရန် ဆွေးနွေးခဲ့ပြီး ICRC အဖွဲ့မှ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့မှ (၁၂)ရက်နေ့အတွင်း ပလက်ဝမြို့နယ်သို့ သွားရောက်၍ လူသားချင်းစာနာမှုအကူအညီပေးရေး လိုအပ်ချက်ဆန်းစစ်မှုပြုလုပ်ရန် တင်ပြခဲ့ပါကြောင်း၊ Red Cross Movement အနေဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ချင်းပြည်နယ် အစိုးရမှ တာဝန်ရှိသူများနှင့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၆)ရက်နေ့တွင် ညှိနှိုင်းဆွေးနွေးခဲ့ပြီး လုံခြုံရေးအခြေအနေအရ ဆောင်ရွက်နိုင်သည်များကို အမြန်ဆုံးပူးပေါင်းဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိပြီး စားနပ်ရိက္ခာအပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်း၊ မိုင်းအသိပညာပေးလုပ်ငန်းနှင့် လိုအပ်ချက်များ ဆန်းစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းလျက်ရှိပါကြောင်း။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်း ထပ်မံဖြစ်ပေါ်လာသော နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှုများအတွက် လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂအဖွဲ့အစည်းများမှ Supplemental Response Plan For Myanmar(New Displacement In Rakhine and Chin States)(SRP) မူကြမ်းကို ရေးဆွဲတင်ပြခဲ့ပြီး အဆိုပါအစီအစဉ်၌ အစားအသောက်လုံခြုံမှု၊ အစာအာဟာရ၊ အခိုအကာနှင့် အစားအသောက် မဟုတ်သည့် အခြားပစ္စည်းများထောက်ပံ့ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ကျန်းမာရေး၊ ရေနှင့် သန့်ရှင်းရေး၊ ပညာရေး စသည့်လုပ်ငန်းများကို ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ ပူးပေါင်းကာ မြန်မာနိုင်ငံအစိုးရနှင့် ညှိနှိုင်းသဘောတူညီချက်အရ ဆောင်ရွက်သွားမည်ဖြစ်ပြီး လျာထား အမေရိကန်ဒေါ်လာ(၁၂.၂)မီလီယံအနက် (၅)မီလီယံရရှိပြီးဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ အသေးစိတ်လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်ရန် လျာထားမှုများအား ဆွေးနွေးနိုင်ရန် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့တွင် မိမိတို့ဝန်ကြီးဌာန၌ Supplemental Response Plan For Myanmar(New Displacement In Rakhine and Chin States)(SRP)နှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးအားကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါကြောင်း၊ ညှိနှိုင်းဆွေးနွေးတွေ့ရှိချက်များနှင့် ပတ်သက်၍ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ပြီးဖြစ်သည့်အတွက် လုံခြုံရေး အခြေအနေအရ ဆောင်ရွက်နိုင်သည်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဆက်လက်ညှိနှိုင်း အကောင်အထည်ဖော်ကာ ဆောင်ရွက်ခြင်းဖြင့် ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ များအား ကူညီပံ့ပိုးသွားမည်ဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ လတ်တလော စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ထောက်ပံ့မှုများပေးအပ်ခြင်းနှင့် ရေရှည်ဘဝရပ်တည်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ သင်တန်းဖွင့်လှစ်ပေးခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ပြည်နယ်အစိုးရနှင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများ ပေါင်းစပ်၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။

MDN