ဟားခါး  ၁၅  မေ

 

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဆမီးမြို့များရှိ နေရပ်စွန့်ခွာသည့် အိမ်ထောင်စု(၄၈၉)စု၊ လူဦးရေ (၂၂၃၆)ဦး အတွက် စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီးရုံးခန်း၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှု၊ လက်မှုဝန်ကြီး ဦးစိုးထက်၊ ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဆမီးမြို့များရှိ နေရပ်စွန့်ခွာသည့် အိမ်ထောင်စု(၄၈၉)စု၊ လူဦးရေ (၂၂၃၆)ဦးအတွက် စားနပ်ရိက္ခာ (၃)လစာ ငွေကျပ် ၈၁၉.၈၁၉ သိန်းကို ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းနှင့် ဝန်ထမ်းများက လွှဲပြောင်းပေးအပ်ရာ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှု၊ လက်မှုဝန်ကြီးတို့က လက်ခံရယူခဲ့ကြသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူများအတွက် စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေး စတုတ္ထအကြိမ် ထောက်ပံ့ငွေ အပါအဝင် စုစုပေါင်း ထောက်ပံ့ငွေကျပ် သိန်း ၃၂၂၂.၂၀၇ ရှိပြီဖြစ်ကြောင်း နေရပ်စွန့်ခွာသူများအတွက် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ အပါအဝင် လူမှုစီးပွားဘဝ မြှင့်တင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မေ ၁၂ ရက်နေ့အထိ နေရပ်စွန့်ခွာသည့် အိမ်ထောင်စု ၁၈၃၀ စုနှင့် လူဦးရေပေါင်း ၈၀၅၁ ဦး ရှိကြောင်း ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

 

ချင်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း ပလက်ဝမြို့နယ်နှင့် ဆမီးမြို့များရှိ နေရပ်စွန့်ခွာသူ တိုက်ပွဲရှောင် ပြည်သူများအတွက် အလျား ၁၀၀ ပေ အနံ ၃၀ ပေ ရှိသော IDP Camp များကို ပလက်ဝမြို့တွင် ၂၅ လုံး ဆမီးမြို့တွင် ၁၀ လုံး မီးဇာမြို့တွင် ၅ လုံးနှင့် စိမ့်စင်းဝကျေးရွာတွင် ၈ လုံး စုစုပေါင်း ၄၈ လုံးကို တည်ဆောက်လျက်ရှိပြီး တိုက်ပွဲရှောင်ပြည်များကူညီရေး၊ ပြန်လည်ထူထောင်ရေး၊ အလှူငွေလက်ခံရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်အဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

မြင့်နိုင်စိုး(ပြန်/ဆက်)