ရိခေါ်ဒါရ်၊ ၁၁ ဇွန်
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် ပဉ္စမနေ့မြောက် စစ်ဆေးမှုကို ဇွန် ၁၁ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၉ ဦးထပ်မံတွေ့ ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးခြင်း ပဉ္စမနေ့မြောက် စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူ ရပ်ကွက်နေပြည်သူ (၁၇၅)ဦးအနက် ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်နေပြည်သူ (၃၄)ဦး၊ အမှတ်(၂)ရပ်ကွက်နေပြည်သူ (၁၆၁)ဦးတို့အား စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ၎င်းတို့အနက် (၉)ဦးတို့ထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အဆိုပါရောဂါပိုးတွေ့ရှိသူ (၉)ဦးတို့အား မိမိတို့နေအိမ် အသီးသီး၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိခဲ့ရာ ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ စစ်ဆေးခြင်း ကို ဇွန်လ (၇)ရက်နေ့မှ (၁၁)ရက်နေ့အထိ(ငါးရက်အတွင်း) စစ်ဆေးမှုအရ ရောဂါစစ်ဆေးမှုခံယူသူ (၄၆၀)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၇၀) ရှိကြောင်း၊ မြို့ပေါ်ရပ်ကွက် (၂)ခုအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေအား ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရိခေါ်ဒါရ် ပြန်/ဆက်


