ချင်းပြည်နယ် သီးမစ်ရေဝေရေလဲဧရိယာများအတွင်း သစ်စေ့မြေလုံး (Seed Ball) ၃၉၀ဝ၀ဝ ကို ရဟတ်ယာဉ်ဖြင့် ကြဲချစိုက်ပျိုး

ဟားခါး ၂၁ ဇွန်

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ချင်းပြည်နယ်အစိုးရ အဖွဲ့တို့၏ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၁၀ နာရီက ချင်းပြည်နယ် သီးမစ်ရေဝေရေလဲ ဧရိယာများအတွင်း စိမ်းလန်းစိုပြည်စေရေးနှင့် သဘာဝပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေရေး ရည်ရွယ်လျက် သစ်စေ့မြေလုံး (Seed Ball) ၃၉၀ဝ၀ဝ ကို ရဟတ်ယာဉ်ဖြင့် ကြဲချစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

 

ရှေးဉီးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဉီးမာန်ဟင်းဒါလ်၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများသည် ဖြန့်ကျဲမည့် သစ်စေ့မြေလုံးအိတ်များကို ရဟတ်ယာဉ်ပေါ်သို့ စနစ်တကျ တင်ဆောင်ပြီးနောက် စစ်ဗျူဟာအဖွဲ့ အခြေချ(ဟားခါး)ရှိ တောင်ဇလပ်ရိပ်သာခန်းမတွင် ချင်းပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသိန်းက သီးမစ်ဆည် ရေဝေရေလဲဧရိယာများအတွင်း တောင်ကတုံးများနှင့် သစ်တောကြိုးပြင်တောများတွင်  ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး (Seed Ball) များ စနစ်တကျ ဖြန့်ကြဲနိုင်ရေးအတွက် ရွေးချယ်ထားသော နေရာများကို ရှင်းလင်းတင်ပြရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်က တင်ပြချက်များ အပေါ်ဖြည့်စွက်၍ လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် သစ်တောဦးစီးဌာနမှ ပြုစုထားရှိသည့် သစ်စေ့မြေလုံး (Seed Ball) များဖြစ်သော မိုင်းမောမျိုးစေ့ (၂၀ဝ၀ဝ၀)၊ ထင်းရူးမျိုးစေ့(၇၀ဝ၀ဝ)၊ ရေသင်းဝင်မျိုးစေ့(၆၀ဝ၀ဝ)နှင့် ချယ်ရီမျိုးစေ့(၆၀ဝ၀ဝ) စုစုပေါင်း ၃၉၀ဝ၀ဝ ကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်၍ ရေဝေရေလဲ ဧရိယာများ၊ ကြိုးဝိုင်းနှင့် ကြိုးပြင်တောများအတွင်း သစ်ပင်ပေါက်ရောက်မှု နည်းသောနေရာများ၌ သစ်တောသစ်ပင်များ ပြန်လည်ပေါက်ရောက်လာစေရန်အတွက် တာဝန်ရှိသူများက ကြဲချစိုက်ပျိုးခဲ့ကြသည်။

 

အဆိုပါ သစ်စေ့မြေလုံး (Seed Ball) များ ကြဲချစိုက်ပျိုးသည့် အခမ်းအနားသို့ ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ ချင်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသန့်ဇင်ဉီးနှင့် အရာထမ်း၊ အမှုထမ်းတပ်ဖွဲ့ဝင်များ၊ ချင်းပြည်နယ် သစ်တောဉီးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်မင်းသိန်းနှင့် ဝန်ထမ်းများ၊ ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သစ်စေ့မြေလုံးများ ဖြန့်ကြဲရာသို့ နေပြည်တော် မြန်မာ့လေကြောင်းတပ်ဖွဲ့မှ ဗိုလ်မှူးမိုးစည်သူကြိုင်နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)