ဟားခါး ၁၃ သြဂုတ်
ချင်းပြည်နယ် သမဝါယမဉီးစီးဌာနမှ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများလုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေး၊ ဝန်ထမ်းများ အရည်အသွေးတိုးတက်မြင့်မားရေး ရည်ရွယ်လျက် အခြေခံစာရေး၊ စာရင်းကိုင်နှင့်ရုံးလုပ်ငန်းများ လုပ်ငန်းခွင်မပျက် ပညာပေးသင်တန်း(On Job Training) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ချင်းပြည်နယ် သမဝါယမဦးစီးဌာန ရုံးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် သမဝါယမဦးစီးဌာန ဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေး၊ ချင်းပြည်နယ်သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌ ဦးခမ်ကြုံးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်သမဝါယမဦးစီးဌာနရုံးမှ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ ချင်းပြည်နယ် သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်ခင်မာအေးက သမဝါယမဦးစီးဌာန၏ အဓိကအရေးကြီးလုပ်ငန်းများဖြစ်သော အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းများ အမှန်တကယ် တက်ကျွမ်းမှုရှိစေရေးနှင့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးတို့အတွက် သင်တန်းဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီးနောက် ချင်းပြည်နယ် သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဉီးခမ်ကြုံးက သင်တန်းအောင်မြင်စွာ ပြီးမြောက်နိုင်ရေး၊ သင်တန်းကာလတစ်လျှောက် ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် သင်တန်းဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည့်အတွက် ချင်းပြည်နယ် သမဝါယမဦးစီးဌာနအား ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို COVID – 19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပေးသွား မည်ဖြစ်ပြီး ချင်းပြည်နယ် သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများက သင်တန်းနည်းပြများအဖြစ် ဆောင်ရွက်ကာ ချင်းပြည်နယ် သမဝါယမဦးစီးဌာနနှင့် ၊ မြို့နယ်များမှ ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုတို့မှ သင်တန်းသား သင်တန်းသူများ စုစုပေါင်း ၃၀ တက်ရောက်ခဲ့ကြသည်။
သင်တန်း ကာလမှာ သြဂုတ် ၁၃ ရက်မှ ၂၉ ရက်အထိ (၁၅)ရက်ကြာကာလအတွင်း စာရင်းရေး၊ စာရင်းကိုင် ဘာသာရပ်၊ ချေးငွေစာရင်းရေးဆွဲခြင်း၊ စီမံကိန်းစာရင်းအင်းလုပ်ငန်းများ၊ ဝန်ဆောင်စက်မှုလက်မှုလုပ်ငန်းများ၊ ကုန်ထုတ် လုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများနှင့် ငွေစာရင်းဆိုင်ရာလုပ်ငန်းများ၊ ရုံးလုပ်ငန်းများကို သင်ကြားပို့ချကာ စာမေးပွဲဆန်းစစ်ချက်များ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်