ချင်းပြည်နယ် ၂၆ ဇွန်
ချင်းပြည်နယ်အတွင်း ရွှေ့ပြောင်းတောင်ယာ စနစ်ပျောက်ပြီး ဒေသခံများတစ်ဦးချင်း ဝင်ငွေရရှိနိုင်ရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးမှ စီးပွားဖြစ် စိုက်ပျိုးရေးစနစ်သို့ ပြောင်းလဲနိုင်ရေးအတွက် ရည်ရွယ်ပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူများအား ပျိုးပင်မျိုးစေ့များ ဖြန့်ဝေပေးခြင်း၊ စံပြစိုက်ခင်းများ ဖော်ဆောင်ပေးခြင်းနှင့် နည်းပညာ သင်ကြားပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်အစိုးရမှ ပြည်နယ်အတွင်း ပိုးစာပင်စိုက်ခင်းများ ဖော်ဆောင်ကာ ပိုးချည်စက်ရုံ တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွန်းဇန်မြို့တွင် ပိုးစာပင်စိုက်တောင်သူ (၃၇) ဦးရှိကာ ပိုးစာစိုက်ဧက (၃၄) ဧကရှိကြောင်း သိရှိရပြီး ဇွန်လ (၂၁) ရက်နေ့က ပြည်နယ်လူမှုရေးဝန်ကြီး ဦးဆောင်မှုဖြင့်Premier Ventures Myanmar Company မှ ပေးအပ်သည့် ပိုးစာပျိုးပင် (၂) သိန်းနှင့် ဖလမ်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ပေးအပ်သည့် ပိုးစာကိုင်းမျိုး (၂) သောင်းအား တွန်းဇန်မြို့ရှိ ပိုးစာပင်စိုက်တောင်သူများထံ ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရှိရပါသည်။
ဆက်လက်ပြီး တီးတိန်စိုက်ပျိုးရေးခြံရှိ ပိုးစာကိုင်းမျိုး (၄)သောင်းကို ထပ်မံဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ဒေသတွင်းပိုးစာကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နိုင်ရန်အတွက် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် တွန်းဇန်မြို့တွင် ပိုးဥသိုလှောင်ခန်း၊ ပိုးရောဂါဓာတ်ခွဲခန်းနှင့် ပိုးမွှေးရုံ (၃) လုံးအား ဆောက်လုပ်လျက်ရှိပြီး အဆောက်အဦများ ဆောက်လုပ်ပြီးစီးပါက ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် (၆၅) သန်းဖြင့် စက်ပစ္စည်းများ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
#MRTV


