ဟားခါး ၃၀ ဇူလိုင်
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ အခြေအနေ အပါအဝင် ပြည်နယ်၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးများနှင့် ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့က ချင်းပြည်နယ်အတွင်းရှိ သတင်းမီဒီယာအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဇူလိုင် ၃၀ ရက် မွန်းလွဲ ၂ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအား၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးဆန်းထွန်းစိန်၊ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသအတွင်း သတင်းမီဒီယာဌာနများမှ အယ်ဒီတာများနှင့် မီဒီယာသမားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူနှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် သတင်းမီဒီယာများတွေ့ဆုံပွဲကို အခါအားလျော်စွာ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ လစဉ်ကျင်းပပြုလုပ်ဖို့လည်း ကြိုးစားခဲ့ပါကြောင်း၊ ပြုလုပ်ခဲ့သည့် အကြိမ်တိုင်း၌လည်း ရင်းနှီးမှု တိုးတက်မှုများ ရရှိခဲ့ပါကြောင်း၊ တက်ရောက်လာကြသည့် သတင်းမီဒီယာများအား ကျေးဇူးတင်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီးနောက် ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အစိုးရအဖွဲ့နှင့် သတင်းမီဒီယာဆိုသည်မှာ ပြည်သူနှင့် အစိုးရအကြား ပေါင်းကူးပေးထားပါကြောင်း၊ အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ မှန်ကန်သော သတင်းများကို ချင်းပြည်နယ်အတွင်းရှိ မိဘပြည်သူများ သိရှိနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြတဲ့ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ ကျင်းပရသည်ကို ကြိုဆိုပါကြောင်း၊ သိရှိသည်များကို မေးမြန်းနိုင်ပါကြောင်းနှင့် ကြိုးစားဖြေကြားပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများက ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ အခြေအနေအပါအဝင် ချင်းပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူနှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်လမ်းပန်းဝန်ကြီး ဦးရွှေထီးအိုး၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအားနှင့် ပြည်နယ် ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်တို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ ချင်းပြည်နယ်အတွင်းမှ သတင်းမီဒီယာဌာနစုစုပေါင်း (၁၇)ဌာန တက်ရောက်ခဲ့ကြပြီး ချင်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း သတင်းမှန်များနှင့် ပြည်နယ်အတွင်း အခြေအနေများအား ပြည်သူများသိရှိနိုင်စေရေး သတင်းမီဒီယာများနှင့် ပူးပေါင်း၍ အခါအားလျော်စွာ တွေ့ဆုံပွဲများကျင်းပခြင်း၊ လိုအပ်သည့်အချိန်တွင် တွေ့ဆုံမေးမြန်းခြင်းများဖြင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)