ဟားခါး  ၁၉  ဒီဇင်ဘာ

 

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပထမဆုံးအကြိမ်ကျင်းပသည့် ကယ်တင်ရှင်သခင် “ယေရှုခရစ်တော်” ဤလောကသို့ လူ့ဇာတိခံယူ၍ ဖွားမြင်ခြင်း ဝမ်းမြောက်ဖွယ်အချိန်အခါသမယကို ကြိုဆိုသောအားဖြင့် ၂၀၁၉ ခုနှစ် ခရစ္စမတ်ပွဲတော် ဝတ်ပြုဆုတောင်းခြင်းနှင့် ညစာစားပွဲအခမ်းအနားကို ယမန်နေ့ည ၆ နာရီက ဟားခါးမြို့ ကာဆင်ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ အသင်းတော် အသီးသီးမှ သိက္ခာတော်ရ ဆရာတော်များနှင့် ဘာသာရေးခေါင်းဆောင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

mdn

 

ရှေးဦးစွာ ဟားခါးနှစ်ခြင်း အသင်းတော်လူငယ်များက “လောကဝမ်းမြောက်ဘုရားကြွလာ” ဓမ္မတေး သီချင်းစုပေါင်း သီဆိုပြီး အစီအစဉ်သဘာပတိ သိက္ခာတော်ရ ဆရာဒေါက်တာ စတီဗင်လျန်ဟုပ်လိန်းက ကျမ်းစာ ဖတ်ကြားကာ သိက္ခာတော်ရ ဆရာဗျက်နုံးက အဖွင့်ဆုတောင်းပေးသည်။

 

ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲတို့က ခရစ္စမတ် နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြပြီး သိက္ခာတော်ရ ဆရာဒေါက်တာဇာခါရ်က ခရစ္စမတ်ဒေသနာ ဟောကြားသည်။

 

ယင်းနောက် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်တို့က တက်ရောက်လာကြသည့် သိက္ခာတော်ရ ဆရာတော်များအား ခရစ္စမတ်လက်ဆောင်များ ပေးအပ်ခဲ့ကြကာ သိက္ခာတော်ရဆရာလန်ဇကပ်၏ ခရစ္စမတ် ကောင်းချီးပေးခြင်းဖြင့် ဝတ်ပြုဆုတောင်းပွဲရုပ်သိမ်းခဲ့သည်။

 

mdn

 

ထို့နောက် သိက္ခာတော်ရဆရာရမ်ဟေးက ခရစ္စမတ်ညစာအတွက် ဆုတောင်းပေးပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၁၉ ခုနှစ် ခရစ္စမတ်ပွဲတော် ညစာစားပွဲကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

 

မြင့်နိုင်စိုး(ပြန်/ဆက်)