ဟားခါး ၂၂ ဧပြီ
ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ကမ္ဘောဇဘဏ်က ဆန်အိတ် ၁၀ဝ၀ နှင့် ပလက်ဝမြို့နယ်အတွင်းမှ တိုက်ပွဲရှောင်ပြည်သူများအတွက် ကန်ပက်လက်မြို့စေတနာရှင် အလှူရှင်များ က လှူဒါန်းငွေ ကျပ် ၁၀၂ သိန်း၊ မန္တလေးမြို့မှ အလှူရှင် ဦးမင်းမင်းအောင်(ပတ္တမြားအိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေး) မိသားစုက ငွေကျပ် ၁၀ သိန်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီ ၂၁ ရက် ညနေ ၅ နာရီအချိန်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် ကော်မတီဝင် ပြည်နယ်ဝန်ကြီးများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကမ္ဘောဇဘဏ်(ဟားခါးဘဏ်ခွဲတာဝန်ခံ) ဒေါ်ဇာခြည်ငြိမ်းက ချင်းပြည်နယ်အတွင်း အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ဆန်အိတ်များ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီးနောက် ဆန်အိတ် ၁၀ဝ၀ နှင့် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံအတွက် ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ၊ ငွေကျပ် ၆၂ သိန်းတန်ဖိုးရှိ PPE ဝတ်စုံ ၂၀ဝ နှင့် ချင်းပြည်နယ်ကုန်းမြင့် လယ်ယာဦးစီးဌာနမှ ငွေကျပ် သုံးသိန်းငါးသောင်းတို့ကို ပေးအပ်လှူဒါန်းရာ ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။
ဆက်လက်ပြီး ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်းမှ တိုက်ပွဲရှောင်ပြည်သူများအတွက် ကန်ပက်လက်မြို့စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် အလှူငွေကျပ် ၁၀၂ သိန်း၊ မန္တလေးမြို့ အလှူရှင် ဦးမင်းမင်းအောင်(ပတ္တမြားအိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး) မိသားစုက ငွေကျပ် ၁၀ သိန်းတို့ကို အလှူရှင်များကိုယ်စား နယ်မြေတာဝန်ခံ၊ ချင်းပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဖွေအား က ပေးအပ်လှူဒါန်းရာ ချင်းပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘောဇဘဏ်အနေဖြင့် ချင်းပြည်နယ်အတွက် ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးသည့်နည်းတူ ၂၀၁၅ ခုနှစ် သဘာဝဘေးကြုံတွေ့ခဲ့ရစဉ်ကလည်း ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် သိန်းပေါင်း ၁၅၀ဝ၀ တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်းများ၊ ဝန်ဆောင်မှုသုံးပစ္စည်းများ၊ ၂၀၁၆ ခုနှစ်တွင် သဘာဝဘေးအန္တရာယ်များ လျှော့ချနိုင်ရေး ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် ငွေကျပ်သိန်း ၁၀ဝ၀ ကို ကူညီလှူဒါန်းပေးခဲ့ကြောင်း၊ ပြည်နယ်အတွင်း သောက်သုံးရေ အဆင်ပြေလွယ်ကူစေရေးအတွက် တစ်စီးလျှင် ငွေကျပ်သိန်း ၄၅၀ တန်ဖိုးရှိသော ရေသယ်ယာဉ် (၁၀)စီး၊ စက်ရေတွင်း (၃) တွင်းနှင့် ပညာရေးကဏ္ဍတွင် ထန်တလန်မြို့ အခြေခံပညာအထက်တန်း ကျောင်းအတွက် ကွန်ပျူတာ ၁၀ စုံ လှူဒါန်းပေးခဲ့သဖြင့် ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် များစွာအကျိုးခံစားရသလို အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း များစွာအထောက်အကူ ရရှိပါကြောင်းနှင့် ဒေသခံပြည်သူများကိုယ်စား အထူးပင် ကျေးဇူးတင် ရှိပါကြောင်း၊ အလားတူ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လူသားချင်း စာနာသောအားဖြင့် စေတနာရှိရှိလှူဒါန်းကြသော ကန်ပက်လက်မြို့မှ စေတနာရှင်၊ အလှူရှင်များ၊ မန္တလေးမြို့မှအလှူရှင် ဦးမင်းမင်းအောင်(ပတ္တမြားအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး)မိသားစုတို့ကိုလည်း ကျေးဇူး အထူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် ချင်းပြည်နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အခြေခံစားကုန် (၅)မျိုးကို အိမ်အရောက် ဖြန့်ဝေပေးထားပြီး ဖြစ်ပြီး အလှူခံရရှိထားသော စားကုန်နှင့် ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်း များကိုလည်း အချိန်နှင့် တစ်ပြေးညီ ထောက်ပံ့ပေးလျက်ရှိပြီး ပလက်ဝမြို့နယ်အတွင်းမှ တိုက်ပွဲရှောင်ပြည်သူများ၏ စားဝတ်နေရေးအပါအဝင် လူမှုရေး၊ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)