ဟားခါး  ၅  မေ      

                       

ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ဒေသတွင်း ပြည်သူများအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှု၊ ရှားပါးမှုမရှိစေရေးနှင့် တည်ဆောက်ရေး၊ ဆောက်လုပ် ရေးလုပ်ငန်းများ ရပ်တန့်မှု မဖြစ်ပေါ်စေရေး၊ အရှိန်မပြတ် ဆောင်ရွက်နိုင်စေရေးအတွက် ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်နှင့်အတူ စားသောက်ကုန်နှင့် တည်ဆောက်ရေးလုပ်ငန်းသုံး သွင်းကုန်များ အားလုံး သယ်ယူပို့ဆောင်နိုင်ရေး ခွင့်ပြုပေးထားကြောင်း ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ သိရှိရသည်။

 

 “ကျွန်တော်တို့အနေနဲ့ ချင်းပြည်နယ်အတွင်းမှာ  စားသောက်ကုန်ပစ္စည်း အပါအဝင် တည် ဆောက် ရေးလုပ်ငန်းသုံးပစ္စည်းတွေ သယ်ယူပို့ဆောင်နိုင်ဖို့အတွက် ကုန်တင်မော်တော်ယာဉ် အကြီး၊ အသေး အားလုံးကို ပိတ်ပင်ထားတာမရှိပါဘူး။ ခွင့်ပြုပေးထားပါတယ်၊ ပြည်နယ်ပြင်ပ အဝေးကြီး ကလာကြတဲ့ ကုန်ကားတွေ ဆိုရင်တော့ အဝေးပြေးဂိတ်မှာပဲ ကုန်တင်ကုန်ချ လုပ်ခိုင်းပါတယ်။ ယာဉ်မောင်းနှင့် ပါလာတဲ့သူတွေ ဆိုရင်လည်း အဝေးပြေးဂိတ်မှာပဲ ညအိပ်သင့်ရင် အိပ်ခိုင်းပါတယ်။ ယာဉ်မောင်း တွေရော၊ ကုန်တင်ကုန်ချအလုပ်သမားတွေနဲ့ ဂိတ်မှူးတွေကအစ အားလုံးကိုတော့ ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်စေပါတယ်။ ခရီးသွား မော်တော်ယာဉ်လိုင်းများ အနေနဲ့တော့ မေလ ၁၅ ရက်နေ့အထိ သွားလာခြင်း ပိတ်ပင်ထားတဲ့ အမိန့်ရှိနေတာကြောင့် စောင့်ရအုံးမှာ ဖြစ်ပါတယ်” ဟု ဧပြီလ ၅ ရက်နေ့ ကုန်တင်ကားများကို လိုက်လံစိစစ် ဆောင်ရွက်နေသည့် ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်က ပြောပြပါတယ်။

 

520

 

 “အဝေးပြေးဂိတ်မှာ ခရီးသည် သွားလာမှုမရှိပေမယ့်လည်း ကုန်စည်တွေကတော့ အဆက်မပြတ်ပါဘူး။ ကားကြီးတွေ ဝင်လာသမျှကိုတော့ဂိတ်မှာပဲ  ရပ်နားခိုင်းပါတယ်။ မြို့ထဲကိုတော့ ကားလေးတွေနဲ့ ကုန်စည်ကို တစ်ဆင့် သယ်ယူပြီး သက်ဆိုင်ရာနေရာတွေမှာ ပို့ပါတယ်။ ကုန်ကားပေါ် ပါလာတဲ့ သူတွေကိုတော့ ဂိတ်မှာပဲ တည်းခိုခိုင်းပြီး ဘယ်ကိုမှ မသွားဘဲ ကုန်ချပြီးတာနဲ့ ပြန်လွှတ်ပါတယ်” ဟု ဟားခါးမြို့ အဝေးပြေးကားဂိတ်တွင် တာဝန်ထမ်းဆောင်နေသူဂိတ်မှူးတစ်ဦးက ပြောပါတယ်။

 

ချင်းပြည်နယ် ထွက်ကုန်ပစ္စည်းများမှာ ဒေသတွင်းဖူလုံမှုမရှိသဖြင့် ကလေးမြို့၊ ဂန့်ဂေါမြို့၊ မန္တလေးမြို့နှင့် အခြားသော မြို့ကြီးများမှ စားသောက်ကုန်နှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ကို မှာယူနေရပြီ: COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိစေရေးအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဝယ်ယူပို့ဆောင်ရေးအဖွဲ့များ ဖွဲ့ကာ စီစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

မြင့်နိုင်စိုး(ပြန်/ဆက်)