ဟားခါး ဇူလိုင် ၅

ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်မည့် အစီအမံရှင်းလင်းတင်ပြခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အရ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံးရှိ မိဘပြည်သူများ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းပြင်ပ ကလေးသူငယ်များအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ သတ်မှတ်ကာလများအတွင်း ပြီးစီးနိုင်ရေးနှင့် ဆေးလက်ကျန်များ သက်တမ်းမကုန်ဆုံးမီ အပြီးအစီး ထိုးနှံနိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်စီမံချက်များ စနစ်တကျရေးဆွဲ၍ အချိန်မီ ပြန်လည်တင်ပြနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ထည့်သွင်းပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသန်းအေးဆွေက Covishield ကာကွယ် ဆေးရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းအခြေအနေ၊ မြို့နယ်တစ်ခုချင်းအလိုက် Covishield ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးထိုးအဖွဲ့များဖွဲ့စည်းမှု၊ ရက်အလိုက် Covishield ကာကွယ်ဆေးထိုးနှံမည့် လူဦးရေသတ်မှတ်ခြင်းနှင့် ဆေးထိုးစုရပ်များ သတ်မှတ်ထားရှိမှုနှင့် ဆောင်ရွက်မည့် အသေးစိတ်အစီအမံများ၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုံးဝမရှိသေးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်ထားရှိမှု အစီအမံများကို ဌာနတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အကြံပြုဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)