ဟားခါး  ၂၈  ဧပြီ                             

ချင်းပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာက ဒေသခံပြည်သူများ ဘေးအန္တရာယ် ကြုံတွေ့မှုက ကာကွယ်နိုင်ရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေဖြင့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ (Multi Purpose Shelter ) ၄ လုံးကို ချင်းပြည်နယ် ဟားခါးမြို့၊ ဖလမ်းမြို့၊ တွန်းဇံမြို့နှင့် လိုင်လင်းပီမြို့တို့တွင် ဆောက်လုပ်ထားရှိပြီး ဖြစ်ကြောင်း သိရှိရသည်။

 

ဟားခါးမြို့ ဟားခါးထာရ်ရပ်ကွက်ရှိ အဆောက်အအုံမှာ အလျား ပေ ၁၅၀၊ အနံ ပေ ၁၇၀၊ အမြင့် ၂၅ ပေဖြင့် ၂၅၅၀၀ စတုရန်းပေ ကျယ်ဝန်းသဖြင့် လူဦးရေ ၁၀၀၀ခန့်၊ ဖလမ်းမြို့ လုံပီးရပ်ကွက်ရှိ အဆောက်အအုံမှာ အလျား ၉၀ ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၂၂ ပေဖြင့် ၁၀၈၀၀ စတုရန်းပေ ကျယ်ဝန်းသဖြင့်  လူဦးရေ ၆၀၀ ဦးခန့်၊ တွန်းဇံမြို့ ခေါဝုန်လေးဆန် ရပ်ကွက်ရှိ အဆောက်အအုံမှာ အလျား ပေ ၆၀၊ အနံ ပေ ၇၀၊ အမြင့် ၂၂ ပေဖြင့်  ၄၂၀၀ စတုရန်းပေ ကျယ်ဝန်းသဖြင့် လူဦးရေ ၄၀၀ ဦးခန့်နှင့် လိုင်လင်းပီမြို့ရှိ အဆောက်အအုံမှာ အလျား ပေ ၉၀ ၊ အနံ ပေ ၆၀ ၊အမြင့် ၁၃ ပေဖြင့် ၅၄၀၀ စတုရန်းပေ ကျယ်ဝန်းသဖြင့် လူဦးရေ ၂၅၀ ဦးခန့် ခေတ္တ ယာယီ တည်းခိုနိုင်ကြောင်း သိရှိရသည်။

 

အဆိုပါ အဆောက်အအုံများကို ၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့ပြီး ဟားခါးမြို့ အဆောက်အအုံအတွက် ငွေကျပ်သန်း (၉၉၇.၈၀၈) ၊ ဖလမ်းမြို့ အဆောက်အအုံအတွက်ငွေကျပ်သန်း (၂၃၈.၈၅၀)၊ တွန်းဇံမြို့ အဆောက်အအုံအတွက် ငွေကျပ်သန်း (၂၂၄.၀၀၀)နှင့် လိုင်လင်းပီမြို့ အဆောက်အအုံအတွက် ငွေကျပ်သန်း (၂၀၀.၀၀၀) တို့ဖြင့် ဆောက်လုပ်ခဲ့ပြီး ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေကျပ်သန်း (၂၃၅.၀၀)ဖြင့်  မတူပီမြို့တွင် အလျား ပေ ၆၀၊ အနံ ပေ ၇၀၊ အမြင့် ၂၂ ပေ ရှိသော မုန်တိုင်းဒဏ်ခံ အဆောက်အဦတစ်လုံးကိုလည်း ဆောက်လုပ်နေပြီ ဖြစ်ကြောင်း ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရှိရပါသည်။

 

ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်း သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ ဆောက်လုပ်ခြင်း  အပါအဝင် မြေထိန်းနံရံများ တည်ဆောက်ခြင်း၊ ကျောက်စီရေမြောင်းများ တည်ဆောက်ခြင်း၊ ရေကန်များ တည်ဆောက်ခြင်းနှင့် ရေသွယ်တန်းခြင်း လုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ထောက်ပံ့ရန်ပုံငွေများဖြင့် ဒေသတွင်း ပြည်သူများ သဘာဝဘေး ကြုံတွေ့ခံစားရခြင်းမှ ကာကွယ်နိုင်ရန် ကြိုတင်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

မြင့်နိုင်စိုး (ပြန်/ဆက်)