ဟားခါး မေ ၂၇
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ကော်မတီဝင်တို့သည် ယနေ့ နံနက်ပိုင်းတွင် ဟားခါးမြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် ဖလမ်းမြို့သို့ ရောက်ရှိကြပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဖလမ်းမြို့ ဖာရ်ထောက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကျင်းပရာ ဒုတိယဝန်ကြီးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဖလမ်းမြို့ ဒေသခံပြည်သူများနှင့် အစိုးရဝန်ထမ်းများအတွက် အဓိကလိုအပ်ချက်များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေရရှိရေး၊ ဆိုလာစနစ်ဖြင့် မီးရရှိတို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ထောက်ပံ့ပေးအပ်
ယင်းနောက် ဒုတိယဝန်ကြီးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ပြန်လည်တည်ဆောက်ရေးပစ္စည်းများဖြစ်သည့် သွပ်၊ သံ၊ ဘိလပ်မြေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အိမ်ထောင်စု ၇၃ စုအတွက် ကယ်ဆယ်ရေး ပစ္စည်းများ၊ နှစ်ပတ်စာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိအတွက် ငွေကျပ် ၆၂၅၀၈၆၀ ကို ထောက်ပံ့ပေးအပ်ရာ ဒေသခံပြည်သူများကိုယ်စား မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ခရိုင်(ပြန်/ဆက်)


