နေပြည်တော်  ၁  နိုဝင်ဘာ     

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ချင်းပြည်နယ် အတွင်း ဝေးလံခေါင်ဖျားသော ကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ ကွန်ပျူတာ၊ ကာလာပရင်တာ၊ မီးစက်များနှင့် ဆက်စပ်ပစ္စည်းများကို ယနေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။    

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဉီးစီးဌာနသည် ချင်းပြည်နယ် မြို့နယ် (၉)မြို့နယ်ရှိ ဝေးလံခေါင်ဖျားသော ကျေးရွာများရှိ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခွဲနှင့် အခြေခံပညာအလယ်တန်း ကျောင်း/ကျောင်းခွဲ (၁၅)ကျောင်းသို့ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း(၁၅)စုံ၊ ကာလာပရင်တာ (၁၅)လုံး၊ မီးစက် (၁၅)လုံးတို့အား ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(ဟားခါး)မှ ညွှန်ကြားရေးမှူး ဉီးစိုးမင်းအုန်းက ချင်းပြည်နယ်ရှိ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(ဟားခါး)၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနအနေဖြင့် ဝေးလံခေါင်ဖျားသော ကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ ကျောင်းဝတ်စုံ(ဖြူ/စိမ်း)၊ ကျောင်းသုံး ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ၊ ပေတံ၊ ရွှေသွေးဂျာနယ်များ ထောက်ပံ့ပေးအပ်လျက်ရှိပြီး ယခုအခါ ကွန်ပျူတာ၊ ကာလာပရင်တာ၊ မီးစက်များအား ထပ်မံထောက်ပံ့ပေးခြင်းကြောင့် ဝေးလံခေါင်ဖျားသော ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဂျိုင်းလော(သတင်းစဉ်)