ဟားခါး ၂၃ ဇန်နဝါရီ


ချင်းပြည်နယ်အတွင်းရှိ ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အခွင့်အလမ်းများ ရရှိရေးအပါအဝင် ရင်ခွင်မဲ့ကလေးဦးရေ လျှော့ချရေး၊ အကြမ်းဖက်ခံရမှု ကာကွယ်ရေးတို့အတွက် ပြည်နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် UN, NGO, INGO များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကို ဇန်နဝါရီ ၂၃ ရက် နံနက် ၁ဝ နာရီက ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရသည်။


ရှေးဦးစွာ ချင်းပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက ကလေးသူငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကော်မတီအနေဖြင့် ဒေသတွင်း စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရေး စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။


ဆက်လက်ပြီး ချင်းပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းညွှန့်က ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၉ မြို့နယ်တွင် ဖွဲ့စည်းထားရှိသည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များနှင့် ပြည်နယ်အဆင့် ကော်မတီ၏ ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများနှင့် ၂၀၁၉ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၏ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြသော UNICEF, Save the Children, World Vision Myanmar, KMSS, MRCS, EDEN, SACC တို့မှ တက်ရောက်လာကြသည့် တာဝန်ခံများ၊ ကိုယ်စားလှယ်များက ပြည်နယ်အဆင့်တွင် ကဏ္ဍပေါင်းစုံပါဝင်သည့် အစီအစဉ်ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် သတင်းပို့ခြင်းတို့အတွက် ချိတ်ဆက်ညှိနှိုင်းမှု လုပ်ထုံးလုပ်နည်းများ ခိုင်မာကောင်းမွန်စေရန်နှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် အခြားဆက်စပ်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ၊ ဦးစီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးသည်။


ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရေး အကြံပြု ဆွေးနွေးခဲ့ကြပြီးနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း  သိရသည်။


ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ပိုင်း တောင်ကုန်းတောင်တန်း ထူထပ်သော ဒေသဖြစ်ပြီး မြောက်ဘက်တွင် ပေ(၈၀ဝ၀)ကျော်၊ တောင်ဘက်တွင် ပေ(၁၀ဝ၀ဝ)ကျော် မြင့်မားသော တောင်ကြောများသည် ချင်းပြည်နယ်၏ အလယ်ဗဟိုမှ ရေဝေကုန်းတန်းများအဖြစ် မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိသည်။ အမြင့်ဆုံးတောင် ဝိတိုရိယ (ခ) ခေါနူးဆုမ် (ခ) နတ်မတောင်ခေါ်ပြီး အမြင့်ပေ (၁၀၂၀ဝ)ရှိ၍ ၂၀၁၈ ခုနှစ် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ လူဦးရေစုစုပေါင်း ၅၁၄၁၃၀ ဦးရှိသည်။ အသက် ၁၈ နှစ်အောက် လူဦးရေ ၂၅၄၆၀၆ ဦးရှိပြီး လူဦးရေစုစုပေါင်း၏ ထက်ဝက်နီးပါးခန့်မှာ လူငယ်များဖြစ်သဖြင့် မြန်မာနိုင်ငံတွင် လူငယ်ဦးရေ အချိုးအစားပါဝင်မှု အမြင့်ဆုံး အချိုးအစားဖြစ်ကြောင်း သိရှိရသည်။


MDN

 

mdn