တီးတိန် ၁၂ ဖေဖော်ဝါရီ
ပြည်တွင်းပြည်ပခရီးသွားများ အပန်းဖြေနိုင်ရန်ရည်ရွယ်၍ သဘာဝအခြေပြု တောတောင်ဖြင့် ဆွဲဆောင်မည့် ချင်းပြည်နယ်၏ ပထမဦးဆုံး ဆင်စခန်းဖြစ်သည့် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့သစ်နှင့် ပိန်းပိကျေးရွာကြား ဆီးယင်းကြိုးဝိုင်းအကွက်အမှတ်(၁၃၈)ရှိ ကနေဒီဆင်စခန်း(The Land Of Elephants) ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ချင်းပြည်နယ် သစ်ထုတ်ရေးဌာနမှ သိရသည်။
အဆိုပါဆင်စခန်းတွင် ဆင် ၇ ကောင်ဖြင့် သဘာဝတောထဲသို့ အလည်အပတ် ပို့ဆောင်ပေး သွားမည့်အပြင် ဝင်ကြေးအဖြစ် လူကြီးကျပ် ၁၀ဝ၀၊ ကလေးအခမဲ့ သတ်မှတ်ထားကာ တစ်ဦးလျှင် ဆင်စီးခ လူကြီးကျပ် ၅၀ဝ၀၊ ကလေးကျပ် ၃၀ဝ၀ သတ်မှတ်ထားကြောင်း၊ နိုင်ငံခြားသား ခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ၊ သဘာဝပတ်ဝန်းကျင်နှင့် တောတောင်ရေမြေကို ပိုပြီးချစ်မြတ်နိုး တတ်လာစေရန် ရည်ရွယ်ထားသည့်အတွက် မကြာမီကာလအတွင်း တီးတိန် - သိုင်းငင်း - ပိန်းပိ- ခိုင်ကမ်းမြို့လမ်းသစ်အား အဆင့်မြှင့်တင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဆင်စခန်းဖွင့်လှစ်သည့်နေ့တွင် လာရောက်သူများအားလုံးကို အခမဲ့ဖြင့် ဝင်ရောက်ခွင့်ပြု ထားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် ကလေးမြို့နယ်နှင့် ချင်းတောင်ပေါ်မှ ခရီးသွားများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အများဆုံးလာရောက် လည်ပတ်လျက်ရှိကြောင်း ချင်းပြည်နယ် သစ်ထုတ်ထုပ်ရေး၊ ခိုင်ကမ်း ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းတာဝန်ခံ(သစ်အုပ်ကြီး) ဦးတိုးချစ်မှူးပိုင်က ပြောပြ၍ သိရသည်။
“ အခုခိုင်ကမ်းနဲ့ပိန်းပိကြားကို ကားတွေသွားလာနိုင်အောင်လမ်းအကျယ်ဖွဲ့ပြီး ဖောက်လုပ်နေပါတယ်။ ကနေဒီဆင်စခန်းကို လာမယ်ဆိုရင် အခုလောလောဆယ်မှာတော့ ကလေးမြို့ကနေ တစ်ဆင့်ခိုင်ကမ်းမြို့ကနေပဲ တိုက်ရိုက်လာနိုင်သေးတယ်။ မြန်မာ-အိန္ဒိယနယ် စပ်ရိခေါဒါရ်မြို့ဘက်က နေလာချင်တဲ့သူတွေကလည်း တီးတိန်မြို့ကိုသွားပြီးမှ ချင်းတောင်ခြေအထိလာပြီး ခိုင်ကမ်းမြို့သစ်ရောက်မှပဲ ဆင်စခန်းကို လာလို့ ရတယ်” ဟု ချင်းပြည်နယ် တီးတိန်မြို့နယ် သစ်ထုတ်ရေးဌာန (မြောက်ပိုင်းနယ်) မှ ဦးတင်အောင်ဆင့်က ပြောသည်။

သဘာဝအခြေပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာတစ်နိုင်ငံလုံး၌ မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားသော ဆင်စခန်း ၁၈ ခုရှိပြီး ဆင်အကောင်ရေ ၂၀၅ ကောင်ကို အသုံးပြုဖွင့်လှစ်ထားပြီးဖြစ်ရာ ယခုထပ်မံဖွင့်လှစ်မည့် ခိုင်ကမ်း ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးဆင်စခန်းနှင့်ဆိုလျှင် မြန်မာနိုင်ငံတွင် ဆင်စခန်းပေါင်း ၁၉ ခုမြောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
နေစု(ချင်းရိုးမ)
