ချင်းပြည်နယ်၏ တံခါးပေါက်တစ်ခုဖြစ်လာမည့် ဖလမ်းဆူရ်ဘုန်လေဆိပ်အား ငါးနှစ်အတွင်း အပြီးတည်ဆောက်သွားမည်

ဖလမ်း  ၈ နိုဝင်ဘာ

 

ချင်းပြည်နယ်၏ ပထမဆုံးလေယာဉ်ကွင်း ဖလမ်းဆူရ်ဘုန်လေဆိပ်ကို ဖလမ်းမြို့မှ ရှစ်မိုင်ကျော်အကွာ ရိခေါဒါရ်မြို့သွားရာလမ်း ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၅၉ဝဝ ရှိသော ဆူရ်ဘုန်တောင်တန်းကြီးပေါ်တွင် ငါးနှစ်စီမံကိန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှစ၍ အရှိန်အဟုန်ဖြင့် စတင်တည်ဆောက်လျက်ရှိရာ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းလေယာဉ်ကွင်း တည်ဆောက်ရန် စီမံကိန်းတစ်ခုလုံးအတွက် နိုင်ငံတော်က ရန်ပုံငွေကျပ် ၂၅ ဘီလီယံ အသုံးပြုရန် လျာထားပြီး ယခုအချိန်တွင် ငွေကျပ်သန်းပေါင်း ၂၉ဝဝ အထိ အသုံးပြုထားပြီးဖြစ်ကြောင်း၊ လေယာဉ်ကွင်း တည်ဆောက်မှုပြီးစီးပါက ART-72 လေယာဉ်များပါ ဆင်းသက်နိုင်ရန် ခံနိုင်ရည်စွမ်းအား ပေါင် ၅ဝဝဝဝ ရှိသော လေယာဉ်ပြေးလမ်း အရှည်ပေ ၆ဝဝဝ၊ အကျယ် ပေ ၁ဝဝ နှင့် လေယာဉ်ရပ်နားရန်နေရာကို အလျားပေ ၂၅ဝ၊ အနံ ပေ ၂၅ဝ သတ်မှတ်ထားကြောင်း၊ အလျား ပေ ၂ဝဝ၊ အနံ ၈၆ ပေရှိ လေဆိပ်အဆောက်အအုံနှင့် Control Tower များကိုလည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လေယာဉ်ကွင်း တည်ဆောက်ပြီးစီးသွားပါက ချင်းပြည်နယ်မြောက်ပိုင်းရှိ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ ရိခေါဒါရ်မြို့များ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တို့နှင့် အလွယ်တကူ ဆက်သွယ်သွားလာနိုင်တော့မည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များလည်း လာရောက်လည်ပတ်ရန် လွယ်ကူလာမည်ဖြစ်သည့်အပြင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် တံခါးပေါက်တစ်ခုဖြစ်လာမည့် ဖလမ်းလေယာဉ်ကွင်း ဆူရ်ဘုန်လေဆိပ်သည် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ချင်းပြည်နယ်သည် လေယာဉ်ကွင်းမရှိသေးသည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်ကြောင်း သိရသည်။

 

ဂျိုးနက်