ဟားခါး ၂၂ ဖေဖော်ဝါရီ
(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချင်းပြည်နယ်လွှတ်တော် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၈ နာရီက ဟားခါးမြို့ရှိ အဆိုပါအဆောက်အအုံသစ် ရှေ့၌ ကျင်းပရာ အခမ်းအနားသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် အဖွဲ့အစည်းအသီးသီးမှ ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ချင်းပြည်နယ် လွှတ်တော် အဆောက်အအုံသစ်ကို ကချင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးထွန်းတင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ချင်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်နှင့် Aroma Rose Company ဥက္ကဋ္ဌ ဦးထွန်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ချင်းပြည်နယ်လွှတ်တော် အဆောက်အအုံသစ် ဆိုင်းဘုတ်ကို ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲတို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အမှာစကား ပြောကြားကာ တက်ရောက်လာကြသော ဧည့်သည်တော် များနှင့်အတူ ချင်းပြည်နယ် လွှတ်တော်အဆောက်အအုံသစ်ဖွင့်ပွဲ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသော ဧည့်သည်တော်များက ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ ပြည်နယ်လွှတ်တော် အဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း ပြည်နယ်ပြန်/ဆက်မှ သိရသည်။
MDN