ဟားခါး ၂၈ မေ

 

ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်သည် လုပ်ငန်း စစ်ဆေးရေးအဖွဲ့များ၊ မြို့မိမြို့ဖများနှင့်အတူ မေလ ၂၇ ရက် နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အားကစားနှင့်ကာယပညာ သိပ္ပံကျောင်း(ဟားခါး)သို့ ရောက်ရှိပြီး သင်တန်းကျောင်းဝန်းအတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဝန်ကြီးသည် သင်တန်းကျောင်း ပင်မအဆောင်သို့ရောက်ရှိရာ ချင်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောနေမင်းထွန်းက သင်တန်းကျောင်း စာသင်ဆောင်အတွင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် သင်တန်းကျောင်းဝန်းအတွင်း ဆောက်လုပ်လျက်ရှိသော လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးနှင့် အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး စနစ်တကျထားရှိဆောင်ရွက် ရန်လမ်းညွှန်မှာကြားခဲ့သည်။

 

အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(ဟားခါး)တွင် စာသင်ဆောင် ၂ ထပ် အဆောက်အအုံအပြင် မိုးလုံလေလုံအားကစားရုံ(၂)ခု၊ မြားပစ်လေ့ကျင့်ရေးကွင်း၊ စားရိပ်သာဆောင်၊ ဒုတိယကျောင်းအုပ်ကြီးနေအိမ်၊ ဝန်ထမ်းအိမ်ရာတို့ပါရှိပြီး လုပ်ငန်းများအားလုံး၏ ၇၀ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း၊ ချင်းပြည်နယ်၏ ပထမဦးဆုံးသော အားကစားနှင့် ကာယပညာသိပ္ပံကျောင်း တစ်ခုဖြစ်ကြောင်း၊ ဟားခါးမြို့၏ မြောက်ဘက် မြို့ဟောင်းရပ်ကွက် ဟိုင်တလန်အနီးတွင်ရှိသည့် မြေဧက ၅၆ ဒသမ ၉၄ ပေါ်တွင် တည်ဆောက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းရန်ပုံငွေမှ လုပ်ငန်း ၁၁ ခုအတွက် ကျပ်သန်း ၂၀ဝ၀၊ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း ၁၄ ခုအတွက် ငွေကျပ် ၃၄၂၅ ဒသမ ဝ၁၈ သန်းဖြင့် တည်ဆောက်လျက်ရှိပါကြောင်း၊ လုပ်ငန်းအားလုံးကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် အားလုံးပြီးစီးမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခု ဇွန်လ ၁ရက်နေ့မှ စ၍ ချင်းပြည်နယ်အတွင်း မြို့နယ်များမှ သင်တန်းသား ၆၀ ၊ သင်တန်းသူ ၆၀  ရွေးချယ်ပြီး အားကစားနည်း ၅ မျိုးဖြင့် သင်တန်းဖွင့်လှစ်ရန် လျာထားလျက်ရှိကြောင်း ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောနေမင်းထွန်းထံမှ သိရှိရသည်။

 

မြင့်နိုင်စိုး(ပြန်/ဆက်)