ဟားခါး ၂၂ မတ်    

 

ချင်းပြည်နယ်အတွင်း Corona Virus Disease (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိပြီး ကြိုတင်ပြင်ဆင်မှုများလည်း ဆောင်ရွက်လျက်ရှိရာ အကယ်၍ သံသယလူနာတွေ့ရှိပါက ထားရှိဆောင်ရွက်နိုင်ရေးအတွက် ချင်းပြည်နယ်အတွင်းရှိ Cyclone Shelter များကို ယာယီဆေးကုသဆောင်များအဖြစ် ပြင်ဆင်ထားရှိသွားမည်ဖြစ်ကြောင်း မတ် ၂၀ ရက် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက ဆွေးနွေးပြောကြားခဲ့သည်။

 

2597

 

အဆိုပါအစည်းအဝေး၌ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေစံက COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျွန်တော်တို့အနေဖြင့် မျက်ခြေမပြတ် စောင့်ကြည့်စစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ကြိုတင်ပြင်ဆင်ရေးများလည်း ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကြိုတင်ကာကွယ်ရေး ပစ္စည်းများလိုအပ်သကဲ့သို့ Patient Zero နှင့် သံသယလူနာတွေ့ရှိပါက သီးခြားထားရှိ ဆောင်ရွက်နိုင်ရန်နေရာတွေကို ကြိုတင်စီစဉ် ဆောင်ရွက်ဖို့လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ချင်းပြည်နယ်အတွင်း ဟားခါး၊ ဖလမ်း၊ တွန်းဇံနှင့်လို င်လင်းပီမြို့တို့တွင် Cyclone Shelter စုစုပေါင်း(၄)ခု တည်ဆောက်ထားရှိကြောင်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အလှူငွေများ ရရှိမှုကို ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးသို့ ကူညီထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အထိ အလှူငွေ စုစုပေါင်း ၂၆၁ သိန်းကျပ် လက်ခံရရှိပြီဖြစ်ကြောင်း အဆိုပါအစည်းအဝေးက သိရှိရသည်။

 

အဆိုပါအစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး ဒေသတွင်း သတင်းမီဒီယာများလည်း ဖိတ်ခေါ်၍ COVID-19 နှင့်ပတ်သက်သည့် သတင်းမှန်များကို ပြည်သူလူထုထံသို့ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရေး၊ သိပညာပေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး မီဒီယာသမားများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားသွားခဲ့ကြောင်း သိရှိရသည်။

 

မြင့်နိုင်စိုး(ပြန်/ဆက်)