ဟားခါး ၂၆ ဖေဖော်ဝါရီ
ချင်းပြည်နယ်ပညာရေးကဏ္ဍတည်ဆောက်ရေးလုပ်ငန်းပေါင်း ၁၁၉ ခုအတွက် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေကျပ်သန်းပေါင်း ၁၇၈၆၈.၄၀ဝသန်းဖြင့် ဆောင်ရွက်မည်ဖြစ်ရာ လုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတင်ဒါများ ခေါ်ယူနေပြီဖြစ်ကြောင်း ချင်းပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ချင်းပြည်နယ်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေးကဏ္ဍကို မြှင့်တင်ဖော်ဆောင်လျက်ရှိရာ အခြေခံပညာကျောင်းများတွင် ကျောင်းသားဦးရေအရ လိုအပ်သည့် အဆောက်အဦသစ်များ ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်းနှင့် ဆရာ၊ ဆရာမများ နေထိုင်နိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းများအပါအဝင် ပြည်နယ်အတွင်း လုပ်ငန်းအမျိုးပေါင်း ၁၁၉ခုကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
ချင်းပြည်နယ်အတွင်း မြို့နယ်ပေါင်း(၉)မြို့နယ်ရှိရာ ပညာရေးကဏ္ဍ ဟားခါးမြို့နယ်၌ လုပ်ငန်းပေါင်း ၁၃ မျိုး ခွင့်ပြုငွေ ၂၅၉၅.၂၅၀သန်း၊ ဖလမ်းမြို့နယ်၌ လုပ်ငန်းပေါင်း ၁၆ မျိုး ခွင့်ပြုငွေ ၂၅၆၃.၂၉၀သန်း၊ မင်းတပ်မြို့နယ်၌လုပ်ငန်း ၉ မျိုး ခွင့်ပြုငွေ ၁၂၁၀.၇၁၀သန်း၊ ထန်တလန်မြို့နယ်၌ လုပ်ငန်း ၁၀ မျိုး ခွင့်ပြုငွေ ၂၄၃၇.၃၈၀သန်း၊ တီးတိန်မြို့နယ်၌ လုပ်ငန်း ၁၁ မျိုး ခွင့်ပြုငွေ ၁၁၀၈.၂၀ဝသန်း၊ တွန်းဇံမြို့နယ်၌ လုပ်ငန်း ၁၁ မျိုး ခွင့်ပြုငွေ ၁၄၃၂.၂၀ဝသန်း၊ မတူပီမြို့နယ်၌ လုပ်ငန်း ၁၂ မျိုး ခွင့်ပြုငွေ ၂၃၀၃.ဝ၁၀သန်း၊ ကန်ပက်လက်မြို့နယ်၌ လုပ်ငန်း ၂၆ မျိုးအတွက် ခွင့်ပြုငွေ ၂၉၇၃.၂၄၀သန်းနှင့် ပလက်ဝမြို့နယ်၌ လုပ်ငန်း ၁၁ မျိုးအတွက် ခွင့်ပြုငွေ ၁၂၄၅.၁၂၀သန်း စုစုပေါင်းလုပ်ငန်း ၁၁၉ ခုအတွက် ကျပ်သန်းပေါင်း ၁၇၈၆၈.၄၀ဝသန်းဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်း (တည်ဆောက်ရေးလုပ်ငန်း) ခွင့်ပြုငွေမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ယခုထိ လုပ်ငန်း ၁၁၃ ခုကို တင်ဒါအောင်ကုမ္ပဏီများသို့ လုပ်ငန်းများအပ်နှံပြီး ဖြစ်၍ ကျန်လုပ်ငန်း ၆ ခုကို ဒုတိယအကြိမ် ထပ်မံတင်ဒါခေါ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)


