ဟားခါး ၂၂ မေ

 

ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ၂၂/၂၀၂၀ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၁ ရက် ညနေ ၄ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ကော်မတီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအောက်ရှိ လုပ်ငန်းကော်မတီ(၈)ခုမှ အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ပြည်နယ်အစိုးရ အနေဖြင့် သက်ဆိုင်ရာဌာနများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စေတနာရှင်၊ အလှူရှင်များနှင့် ညှိနှိုင်း ပေါင်းစပ်ကာ ဒေသတွင်းပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့်စားဝတ်နေရေးတို့ကို ကူညီ ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ အလားတူပြည်နယ်အတွင်း Community Based Facility Qurantine ဝင်ရောက်နေကြသူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အတူ ဆောင်ရွက်ထားရှိနိုင်ပြီး၊ ဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်သဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ကျေအောင် ဆောင်ရွက်ပေးကြသော ဌာန၊ အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်များကို ကျေးဇူးတင်ရှိပါကြောင်း၊ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့်အတူ အုပ်ချုပ်စီမံမှုတွေကို အဆင်ပြေအောင် ဆောင်ရွက်ပေးသည့် ပြည်နယ်ဆရာဝန်ကြီးနှင့် သက်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ ဆေးရုံများတွင် တာဝန် ထမ်းဆောင်နေကြတဲ့ ဆရာ၊ ဆရာမများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် ပြီးဆုံးမသွားသေးသည့်အတွက်လည်း အားလုံးပူးပေါင်းပါဝင်၍ ကျရာကဏ္ဍမှ ဆက်လက်ဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ ထို့အတူ မိုးတွင်းကာလဖြစ်ပေါ်တတ်သော ရာသီတုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို ပြည်နယ်အတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးကိုလည်း  ဝိုင်းဝန်းဆွေးနွေး အကောင်အထည်ဖော် ပေးကြစေလိုပါကြောင်း အမှာစကားပြောကြားသည်။

 

ယင်းနောက် ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က ချင်းပြည်နယ်အတွင်း မြို့နယ်အလိုက် Facility Qurantine ဝင်ရောက်နေသူ များနှင့် ပြန်လည်စေလွှတ်သူများအခြေအနေ၊ ကျန်ရှိသောကန့်သတ် စောင့်ကြည့်သူများအား ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ထပ်မံရောက်ရှိလာနိုင်သည့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများ အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီးနောက် ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအောက်တွင် ဖွဲ့စည်းထားရှိသည့် လုပ်ငန်းကော်မတီ(၈)ခုမှ အတွင်းရေးမှူးများက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုများနှင့် လုပ်ငန်းအတွေ့အကြုံများအပေါ်  အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ချင်းပြည်နယ်အတွင်း နိုင်ငံရပ်ခြားမှ ဝင်ရောက်လာကြမည့် နေရပ်ပြန်ပြည်သူများအား စနစ်တကျ စိစစ်လက်ခံနိုင်ရေး၊ COVID-19 ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ Swab ယူ၍ပေးပို့စစ်ဆေး ဆောင်ရွက်ထားရှိမည့် လုပ်ငန်းများ၊ Facility Qurantine နေရာများအား ကျန်းမာရေးနှင့်အညီဆောင်ရွက် ထားရှိနိုင်ရေး၊ ရာသီတုပ်ကွေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးစသည့် လုပ်ငန်း ကော်မတီအသီးသီး၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 

ချင်းပြည်နယ်အတွင်း မေလ ၂၁ ရက်နေ့အထိ Qurantine ဝင်ရောက်ခဲ့သူ ဦးရေပေါင်း ၁၆၃၂ ဦးရှိပြီး ပြန်လည်စေလွှတ်သူ ၁၀၂၅ ဦးရှိကာ ကျန်ရှိသူဦးရေ ၆၀၇ ဦးရှိပြီး ၄င်းတို့အနက် Home Qurantineထားရှိသူ ၂၃၉ ဦး၊ Facility Qurantine ထားရှိသူ ၃၆၃ ဦးနှင့် ဆေးရုံတွင် ထားရှိသူ ၅ ဦး ဖြစ်ကြောင်း သိရှိရသည်။

 

မြင့်နိုင်စိုး(ပြန်/ဆက်)