ဖလမ်း ၁၇ သြဂုတ်

ချင်းပြည်နယ်အစိုးရဖွဲ့ဝင်များနှင့် ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာအုပ်စုမှ ပြည်သူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၈ နာရီခွဲက ရမ်ကလောင်းခြံရှိ United Penticostal Church ဘုရားရှိခိုးကျောင်း၌ ကျင်းပသည်။
    
ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က အမှာစကား ပြောကြားသည်။ ထို့နောက် ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က ရမ်ထလိုကျေးရွာအုပ်စုရှိ ရမ်ကလောင် ခြံစိုက်ပျိုးရေးသမိုင်းအကျဉ်းကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်က ရမ်ထလိုကျေးရွာပိုင်အဖြစ် တင်ပြသည့် မြေအသုံးချမှုအခြေအနေ၊ ရမ်ကလောင်စိုက်ပျိုးရေး ခြံမြေဧကများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲ့မှုနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ငြိမ်းတို့က ဒေသအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးကြသည်။ 

ယင်းနောက် ရမ်ထလိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထန်းလွယ်က ရမ်ထလိုကျေးရွာအုပ်စုရှိ ရမ်ထလို၊ တလန်ဇာရ်၊ ဒေါ့ထက်ကျေးရွာများ၏ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ နံနက် ၁၁ နာရီတွင် ဖလမ်းမြို့၊ လုံပီးရပ်ကွက်အတွင်း Cyclone Shelter အဆောက်အဦ ဆောက်လုပ်မည့် မြေနေရာနှင့် မြို့ပြစီမံကိန်းအတွက် မြေနေရာလျာထားချက်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)