ဟားခါး ၁၃ မတ်
ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဉီးဆလိုင်းလျန်လွယ်သည် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဉက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ တာဝန်ရှိသူများအား မတ် ၁၂ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဉက္ကဌ ဒေါက်တာမောင်မောင်မြင့်က ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွင်လက်ရှိ ဖြစ်ပေါ်နေသောအခြေအနေများတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်း၍ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ လေ့လာခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို လည်းကောင်း ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ HoD Mr. Stephen ကချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းများနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာဆောင်ရွက်မည့် လုပ်ငန်းများကို လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဉီးတိုးဝင်းတို့က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ(ပြန်/ဆက်)


