ဖလမ်း ၂ သြဂုတ်
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၁ ရက်က ဖလမ်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီးကျေးရွာနေ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖလမ်းမြို့နယ်၊ အိုင်ကွန်- အိုင်ရဲဘွာလ်- ကြောင်ဟွေ့- ကော်ဆဲလမ်း ကျောက်စီမြေထိန်းနံရံနှင့် ကွန်ကရစ်ရေမြောင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ဖလမ်းမြို့နယ်၊ အိုင်ကွန်- အိုင်ရဲဘွာလ်- ကြောင်ဟွေ့- ကော်ဆဲလမ်းသည် (၈၀၀ × ၂ × ၂)ပေရှိ ကျောက်စီမြေထိန်းနံရံနှင့် ကွန်ကရစ်ရေမြောင်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၀၆ ဒသမ ၃၄၇ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါလမ်းကို ကျေးရွာ(၁၄)ရွာခန့်က အသုံးပြုနေသည့် လမ်းဖြစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖလမ်းမြို့နယ်၊ အိုင်ရဲဘွာလ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဖလမ်းမြို့နယ်၊ အိုင်ရဲဘွာလ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်သည် ချင်းပြည်နယ် အခြေခံပညာဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၇၀ ဒသမ ၅၆၀ သန်းကုန်ကျခံကာ (၆၀ × ၃၀)ပေ သွပ်မိုး Steel Structure တစ်ထပ်တိုက်ဖြင့် ဆောက်လုပ်ပြီးစီးခြင်းဖြစ်သည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ဖလမ်းမြို့နယ်၊ ငါလ်သီးကျေးရွာ ဒေသခံပြည်သူများနှင့် အဆိုပါကျေးရွာခန်းမ၌ လည်းကောင်း၊ သီးလုမ်ကျေးရွာ ဒေသခံပြည်သူများနှင့် သီးလုမ်အုပ်စု အုပ်ချုပ်ရေးမှူးနေအိမ်၌ လည်းကောင်း အသီးသီးတွေ့ဆုံပြီး ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များကို ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)