ဖလမ်း ၁၀ မတ်
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မတ် ၉ ရက် နံနက်ပိုင်းက ဖလမ်းမြို့နယ်၊ ရာလ်လောန်ကျေးရွာနှင့် ဆွမ်ဟရန်း ကျေးရွာရှိ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆွေးနွေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖလမ်းမြို့နယ်၊ ရာလ်လောန်ကျေးရွာနှင့် အနီးနားရှိ ကျေးရွာဒေသခံ ပြည်သူများအား ရာလ်လောန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌လည်းကောင်း၊ ဆွမ်ဟရန်းကျေးရွာ ဒေသခံပြည်သူများနှင့် အနီးနားရှိ ကျေးရွာဒေသခံပြည်သူများအား ဆွမ်ဟရန်းနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း၌ လည်းကောင်း တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားကာ ပြည်နယ်ဝန်ကြီးများက ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များကို ပြောကြားကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာနေ ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဂျွန်(ပြန်/ဆက်)