ဟားခါး မေ ၂၄
၂၀၂၁−၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် ၂၀၂၂−၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် အထွေထွေပိုလျှံရန်ပုံငွေ (GRF) မှ လွှဲပြောင်းသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်းကို မေ ၂၃ ရက် မွန်းလွဲပိုင်းက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ၂၀၂၁−၂၀၂၂ ခု (၆)လ မီနီဘတ်ဂျက်တွင် မည်မျှအကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်၊ မည်သည့်အခက်အခဲများ ကြုံတွေ့ရသည်တို့ကို သုံးသပ်၍ ၂၀၂၂−၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အားသာချက်များကို ပို၍ကောင်းအောင် ဆောင်ရွက်ရန်နှင့် ယခင် အားနည်းချက်များကို ပြုပြင်၍ လုပ်ငန်းစီမံကိန်းများ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေရေးနှင့် အမှားအယွင်း မရှိရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များ သိရှိလိုက်နာရန်လိုကြောင်း၊ အထွေထွေပိုလျှံရန်ပုံငွေ (GRF) မှ ခွင့်ပြုနိုင်သည့် အသုံးစရိတ်များနှင့် ခွင့်မပြုနိုင်သည့် အသုံးစရိတ်များ သိရှိခြင်းဖြင့် ဆောင်ရွက်လိုသည့် လုပ်ငန်းများ တင်ပြရာတွင် ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ရှင်းလင်းတင်ပြစေခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လ ဘဏ္ဍာနှစ်တွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကို သုံးသပ်ရာတွင် နယ်မြေဒေသ လုံခြုံရေးအခြေအနေ အခက်အခဲကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမှာ အားနည်းချက်များ ရှိခဲ့သည့်အတွက် ၂၀၂၂−၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပိုမိုကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ရန် လိုကြောင်းဖြင့် ဆွေးနွေးသည်။
ဆက်လက်၍ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးက ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် အထွေထွေပိုလျှံရန်ပုံငွေ (GRF) မှ လွှဲပြောင်းသုံးစွဲခြင်းတို့နှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အစိုးရ၏ ဝယ်ယူခြင်း၊ နိုင်ငံပိုင်ပစ္စည်းများ ထုခွဲရောင်းချခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် ညွှန်ကြားချက် (၁/၂၀၂၂)နှင့် ချင်းပြည်နယ်၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လ ဘတ်ဂျက်အတွက် လျာထားချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ဒေသန္တရစီမံကိန်းများရေးဆွဲရာတွင် စနစ်တကျစိစစ်၍ ရေးဆွဲရန်လိုအပ်မှုနှင့် သတိထားရမည့်အချက်များကိုလည်ကောင်း၊ လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထာပဲန်းက တင်ဒါအောင်မြင်သူက ပေးသွင်းရမည့် လုပ်ငန်းအာမခံကြေး (Performance Guarantee) နှင့် စပ်လျဉ်း၍ ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ရှင်းလင်းတင်ပြချက်များအပေါ် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်က အကြံပြုဖြည့်စွက်ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)