ဟားခါး နိုဝင်ဘာ ၃
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၃ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ရောဂါဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းမှု မရှိသေးသည့်စာရင်းတွင် ချင်းပြည်နယ် ပါဝင်လျက်ရှိသည့်အတွက် ရောဂါကာကွယ ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ ဟားခါးမြို့နှင့် ဖလမ်းမြို့နယ်များတွင် ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းရေးနှင့် ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဟားခါးမြို့နှင့် ပလက်ဝမြို့တို့တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိရာ ရာခိုင်နှုန်းပြည့် ထိုးနှံနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ဦးစားပေးဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ ဆက်လက်ထိုးနှံပေးနေမှု၊ ဟားခါးတက္ကသိုလ် ပြန်လည်ဖွင့်ရန် ကြိုတင်ပြင်ဆင်ထားရှိမှု၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ ဆေးပစ္စည်းများ လိုအပ်မှု၊ အောက်ဆီဂျင်ရရှိသုံးစွဲမှု အခြေအနေ၊ အသိပညာပေးလုပ်ငန်းများနှင့် Mask Campaign များ ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရှိနေဆဲဖြစ်သည့် ဟားခါးမြို့နယ်အား ဒေသအစီအစဉ်ဖြင့် Lockdown ဆက်လက်သတ်မှတ် ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အကြုံပြုဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်


