မတူပီ   ၂၅    ဖေဖော်ဝါရီ

 

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို နှင့် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးဖွေအား တို့သည် မတူပီမြို့နယ် အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကွင်းဆင်း စစ်ဆေခဲ့ကြကြောင်း သိရသည်။

 

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့်အဖွဲ့သည် လည်မျိုတံတား တည်ဆောက်မှု အခြေအနေကို ကွင်းဆင်းစစ်ဆေးရာ တံတားစီမံကိန်းအဖွဲ့(၁) ချင်းပြည်နယ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက လည်မျိုတံတားတည်ဆောက်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားတည်ဆောက်မှု အခြေအနေအား လိုက်လံကြည့်ရှုခဲ့ကြသည်။ မင်းတပ် - မတူပီကားလမ်းပေါ်ရှိ အရှည်ပေ ၂၄၀၊ အကျယ်ပေ ၃၀ ရှိ လည်မျိုတံတားကို ၂၀၁၈ခုနှစ်၊အောက်တိုဘာလ ၁ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ တံတားတည်ဆောက်မှု ၉၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မတူပီခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ ဆောက်လုပ်မည့်မြေနေရာ သတ်မှတ် လျာထားမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ မတူပီခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ပြီးစီးမှု အခြေအနေကို အဆောက်အဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၀) မှ ဦးဂိုခန့်မန်က ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မတူပီမြို့နယ်အတွင်း လျှပ်စစ်ဓါတ်အား (၂၄)နာရီ ဖြန့်ဖြူးပေးနိုင်ရေးအတွက် (၆၆ ကေဗွီ) ဓါတ်အားလိုင်းခွဲရုံ တည်ဆောက်ပြီးစီးမှု အခြေအနေ အား ကွင်းဆင်းစစ်ဆေးခဲ့ကြရာ လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဓါတ်အားပို့လွှတ်ရေး စီမံကိန်း(မြောက်ပိုင်း) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူရ က (၆၆ ကေဗွီ)ဓါတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှု နှင့် မင်းတပ်-မတူပီ အကြား ဓါတ်အားလိုင်းကြိုး သွယ်တန်းပြီးစီးမှုအခြေအနေ ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 

ဆလိုင်းအောင်(ပြန်/ဆက်)