ချင်းရွှေဟော် ၁၁  မေ

 

ချင်းရွှေဟော်မြို့၌  တရုတ်နိုင်ငံမှပြန်လာသော  နေရပ်ပြန်ပြည်သူများအား   ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများကို ယာယီ ဖွင့်လှစ်ပြီး ကျန်းမာရေး စောင့်ကြပ်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက    ကန့်သတ်စောင့်ကြည့်မှု(၂၁)ရက်   ပြည့်ပြီးသူ(၈၉)ဉီးအား ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်ခွင့် ပြုခဲ့ကြောင်း သိရသည်။

 

နေရပ်အသီးသီးသို့ပြန်မည့်  ပြည်သူ(၈၉)ဉီးအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး  လုပ်ငန်းကော်မတီအတွင်းရေးမှူး ချင်းရွှေဟော်ပြည်သူ့ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာသီဟနှင့် ကော်မတီအဖွဲ့ဝင်များက ချင်းရွှေဟော်မြို့တော်ခန်းမ၊ ကန့်သတ်စောင့်ကြည့်ရေး စင်တာတွင် (၂၁)ရက်နေထိုင်ခဲ့ပြီးကြောင်း  အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ပြီး မိမိတို့နေအိမ်များ သို့ ရောက်ရှိလျှင် Home Quarantine (၇)ရက်နေထိုင်ကြရန်နှင့် လိုအပ်သည်များမှာကြားကာ   နေရပ်များသို့ ပြန်ခွင့်ပြုခဲ့သည်။

 

အဆိုပါ နေရပ်ပြန် ပြည်သူ(၈၉)ဉီးသည် ၎င်းတို့၏နေရပ်များဖြစ်သော  မန္တလေးတိုင်းဒေသကြီးမှ(၂)ဉီး၊  စစ်ကိုင်းတိုင်းဒေသကြီးမှ(၈)ဉီး၊ ပဲခူးတိုင်းဒေသကြီးမှ (၁၄)ဉီး၊ ဧရာဝတီတိုင်းဒေသကြီးမှ(၇)ဉီး၊ မကွေးတိုင်းဒေသကြီးမှ(၅၄)ဉီး၊ ရှမ်းပြည်နယ်မှ(၃)ဉီးနှင့် နေပြည်တော်မှ(၁)ဉီး တို့ဖြစ်ပြီး ကျား(၆၁)ဉီး နှင့် မ(၂၈)ဉီးတို့ ဖြစ်ကြောင်း သိရှိရသည်။ 

 

ဇင်ဇင်(ချင်းရွှေဟော်ပြန်/ဆက်)