ချင်းရွှေဟော်   ၃၁     မေ 

 

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့်  မြန်မာနိုင်ငံသား နေရပ်ပြန်ရွှေ့ပြောင်း အလုပ်သမား များသည် လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ  နေ့စဉ် ဝင်ရောက် လျက်ရှိရာ မေလ ၃၁ ရက်နေ့အထိ ပြန်ဝင်လာသူဉီးရေမှာ အမျိုးသား(၅၁၅၂)ဉီး နှင့် အမျိုးသမီး (၃၈၀၆)ဉီး စုစုပေါင်း(၈၉၅၈)ဉီးထိရှိလာကြောင်း သိရသည်။

 

 

 

အဆိုပါ  တရုတ်နိုင်ငံဘက်မှ  ပြန်လည်ဝင်ရောက်လာသော  နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားများအား  ချင်းရွှေဟော်မြို့  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး  လုပ်ငန်းကော်မတီဉက္ကဌ  မြို့အုပ်ချုပ်ရေးမှူး  ဉီးသက်ဉီးပိုင် ဉီးဆောင်၍ ကော်မတီအဖွဲ့ဝင်များမှ ချင်းရွှေဟော် နယ်စပ်ဂိတ်ပေါက်တွင် ကိုယ်ပူချိန်တိုင်းတာခြင်း၊ ရောဂါလက္ခဏာရှိ/မရှိ ကျန်းမာရေးစစ်ဆေးမှုများ ပြု လုပ်ခြင်း၊ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်း၊  ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များ ကပ်ထားခြင်း၊ လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခြင်း၊ လက်ဆေးစင်များနှင့် Hand Gel များထားရှိပေးခြင်းများ ပြုလုပ်ပေးပြီး လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးကာ ၎င်းတို့၏ နေရပ်များသို့ ရောက်ရှိစေနိုင်ရေး အတွက်     ဧပြီ ၃၀ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များသို့ စနစ်တကျချိတ်ဆက် လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိသည်။

 

ချင်းရွှေဟော် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော နေရပ်ပြန် ရွှေ့ပြောင်း အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ လွှဲပြောင်းပို့ဆောင် ပေးခဲ့သည်မှာ  မေလ ၃၁ ရက်နေ့ အထိ  ရန်ကုန်တိုင်းဒေသကြီးမှ(၃၄)ဉီး၊  မန္တလေးတိုင်းဒေသကြီးမှ(၁၃၄၄)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၁၁၁)ဉီး၊ ပဲခူးတိုင်းဒေသကြီးမှ (၁၅၅၅)ဉီး၊ မကွေးတိုင်းဒေသကြီးမှ (၁၉၅၇)ဉီး၊ ဧရာဝတီတိုင်း ဒေသကြီးမှ (၄၅၆)ဉီး၊ ကချင်ပြည်နယ်မှ(၁၄၇)ဉီး၊ ချင်းပြည်နယ်မှ(၃၁)ဉီး၊ ကရင်ပြည်နယ်မှ(၂)ဉီး၊ ရှမ်းပြည်နယ်မှ (၂၀၂၁)ဉီး၊ မွန်ပြည်နယ်မှ (၇)ဉီး၊ ရခိုင်ပြည်နယ်မှ (၁၃၁)ဉီး နှင့် နေပြည်တော်မှ (၁၆၂)ဉီး တို့ဖြစ်ကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)