ချင်းရွှေဟော်စောင့်ကြည့်ရေးစင်တာမှ (၂၁)ရက်ပြည့်ပြီးသူ (၄၈)ဉီးအား  နေရပ်အသီးသီးသို့ ပြန်ခွင့်ပြု

ချင်းရွှေဟော် ၇  မေ

 

လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့တွင် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများအား    ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများကို ယာယီဖွင့်လှစ်ပြီး  ကျန်းမာရေ:စောင့်ကြပ်မှုများ  ပြုလုပ်ဆောင်ရွက်လျက်ရှိရာ မေလ ၇ ရက်နေ့ ၊  နံနက် ၉ နာရီခွဲအချိန်က က ကန့်သတ်စောင့်ကြည့်မှု(၂၁)ရက် ပြည့်ပြီးသူ(၄၈)ဉီးအား ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။

 

နေရပ်အသီးသီးသို့ပြန်မည့်   ပြည်သူ(၄၈)ဉီးအား   ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဉက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် အတွင်းရေးမှူး ချင်းရွှေဟော်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာသီဟ တို့က အခြေခံပညာအထက်တန်းကျောင်း ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် (၂၁)ရက် နေထိုင်ခဲ့ပြီးကြောင်း  အသိအမှတ်ပြု လက်မှတ်များပေးအပ်ပြီး မိမိတို့နေရပ်သို့ရောက်လျှင်  Home Quarantine (၇)ရက် နေထိုင်ကြရန်နှင့် လိုအပ်သည်များ မှာကြားကာ နေရပ်များသို့ ပြန်ခွင့်ပြုခဲ့သည်။

 

အဆိုပါ  နေရပ်ပြန်ပြည်သူ(၄၈)ဉီးတွင်   အမျိုးသား(၂၇)ဉီး နှင့် အမျိုးသမီး(၂၁)ဉီးတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ(၁)ဉီး၊ မကွေးတိုင်းဒေသကြီးမှ(၉)ဉီး၊ ဧရာဝတီတိုင်းဒေသကြီးမှ(၂)ဉီး၊ ရှမ်းပြည်နယ်မှ(၃၅)ဉီး နှင့် နေပြည်တော်မှ(၁)ဉီး  တို့ဖြစ်ကြောင်း သိရသည်။

           

ချင်းရွှေဟော်မြို့တွင်  ယာယီဖွင့်လှစ်ထားသည့် Quarantine စင်တာများ၌  ကျန်းမာရေးစောင့်ကြပ်စစ်ဆေးမှု   ခံယူနေသူ (၂၈၅)ဉီးရှိရာတွင် ကန့်သတ်စောင့်ကြည့် (၂၁)ရက် ပြည့်ပြီးသူ  အမျိုးသား(၉၃)ဉီးနှင့်   အမျိုးသမီး(၄၄)ဉီး  စုစုပေါင်း(၁၃၇)ဉီးတို့အား ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီးကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)