ချင်းရွှေဟော် ၁၇  မေ 

 

ချင်းရွှေဟော်  နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသော  တရုတ်နိုင်ငံမှပြန်လာသည့်   မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများကို ကျန်းမာရေးစစ်ဆေးပေးပြီး ချင်းရွှေဟော်မြို့မှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီခွဲက အမျိုးသား (၁၉၃) ဉီး နှင့်  အမျိုးသမီး (၁၆၆) ဉီး၊  စုစုပေါင်းနေရပ်ပြန်ပြည်သူ (၃၅၉) ဉီး တို့အား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ ဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များမှ နှာခေါင်းစည်း (Mask) များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 

အဆိုပါ  နေရပ်ပြန်ပြည်သူ (၃၅၉) ဉီးသည်   မန္တလေးတိုင်းဒေသကြီးမှ (၆၇) ဉီး၊  စစ်ကိုင်းတိုင်းဒေသကြီးမှ (၆၉) ဉီး၊ ပဲခူးတိုင်း ဒေသကြီးမှ (၁၀၈) ဉီး၊ မကွေးတိုင်းဒေသကြီးမှ (၉၃) ဉီး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁၈) ဉီး၊ ချင်းပြည်နယ်မှ (၂) ဉီး နှင့်   နေပြည်တော်မှ (၂) ဉီးတို့ဖြစ်သည်။

 

ချင်းရွှေဟော်မှ နေရပ်ပြန်ပြည်သူများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျ  လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိရာတွင် ဧပြီ (၃၀)ရက်မှ ယနေ့အထိ အမျိုးသား (၃၀၀၈) ဉီး နှင့်အမျိုးသမီး (၂၁၂၀) ဉီးတို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၅၁၂၈) ဉီးတို့အား လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။


    
ချင်းရွှေဟော်မြို့တွင်   ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေ:အတွက် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများကို  မြန်မာ-တရုတ် နှစ်နိုင်ငံအဝင်အထွက် နယ်စပ်ဂိတ်တွင်လည်းကောင်း၊  မြို့အဝင် (သံတံတားဂိတ်) တွင်လည်းကောင်း၊ မြို့အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးတွင် လည်းကောင်း (၃) နေရာထားရှိကာ နေရပ်ပြန်ပြည်သူများ  နှင့်   မြို့တွင်းဖြတ်သန်း သွားလာနေသော ပြည်သူများအား နေ့စဉ်ကျန်းမာရေး စစ်ဆေးပေးခြင်း၊  ကျန်းမာရေ:အသိပညာပေးခြင်း နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို  အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)