နမ္မတူ  ဇူလိုင် ၂၅

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် ချင်းရွှေဟော်မြို့မှ လှူဒါန်းထားသည့် အောက်ဆီဂျင်(၄၀)လီတာအိုး အလုံး ၆၀ ဇူလိုင် ၂၄ ရက်က နမ္မတူမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ဝယ်ယူလှူဒါန်းရာတွင် နမ္မတူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း များတွင် အသုံးပြုရန်အတွက် မနန်းအေးအေးထွန်း(ခေတ္တဂျပန်)မှ အောက်ဆီဂျင် ၄၀ လီတာအိုး အလွတ် အလုံး ၃၀ ၊ Flow meter ၃၀ စုံအားလည်းကောင်း၊ တရုတ်လူမှုကူညီရေးအသင်းမှ အောက်ဆီဂျင် ၄၀ လီတာအိုးအလွတ် ၂၀ လုံး၊ Flow meter ၂၀ စုံနှင့် PPE ဝတ်စုံ ၁၂၀ စုံတို့အား မေတ္တာရှင်နာရေး လူမှုကူညီရေးသို့လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီး၊ တရုတ်လူမှုကူညီရေးအသင်းမှ အောက်ဆီဂျင် ၄၀ လီတာအိုးအလွတ် ၁၀ အိုး၊ Flow meter ၁၀ စုံတို့အား မေတ္တာရှင်နာရေးလူမှုကူညီရေးအသင်းသို့ အငှားအဖြစ် လည်းကောင်း ပေးအပ်ခဲ့သည်။

 

အလားတူ ကော်နာစတုန်းကုမ္ပဏီမှလည်း ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေးအတွက် အောက်ဆီဂျင် ၄၀ လီတာအိုး ၈၀ အိုးအတွက် အောက်ဆီဂျင် အရည်ဖြည့်တင်း လှူဒါန်းပေးခဲ့သည်။

 

မေတ္တာရှင်နာရေးလူမှုကူညီရေး အသင်းအနေဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ၊ စောင့်ကြည့်လူနာများနှင့် စေတနာ ဝန်ထမ်းများအား နေ့စဉ်ထမင်း/ဟင်း မနက်၊ နေ့လည်၊ ညနေစာ သုံးနပ်ကျွေးမွေးလှူဒါန်းခြင်း၊ သောက်သုံးရေ လှူဒါန်းပေးခြင်း၊ ကိုဗစ်လူနာများအား သယ်ယူပို့ဆောင်ပေးခြင်း၊ အတွင်းစည်းမှနေ၍ ပြုစု စောင့်ရှောက်ပေးခြင်း၊ သေဆုံးပိုးတွေ့လူနာများအား  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ပို့ဆောင်သင်္ဂြိုလ်ပေးခြင်း၊ ပိုးသတ်ဆေးဖျန်းရန် လိုအပ်သည့်နေရာများတွင် ပိုးသတ်ဆေး ဖျန်းပေးခြင်းနှင့် အောက်ဆီဂျင်မပြတ်လပ်စေရေးအတွက် အသင်း၏ရုံးတွင် နေ့စဉ် အောက်ဆီဂျင် ၄၀ လီတာအိုး ၈၀ လုံး အဆင်သင့်ရှိနေအောင် စီစဉ်ဆောင်ရွက်ထားပြီး အောက်ဆီဂျင် လိုအပ်သည့်နေရာများသို့ ဖြန့်ဝေကူညီပေးလျက်ရှိကြောင်း မေတ္တာရှင်နာရေးလူမှု ကူညီရေးအသင်းမှ ဦးကျော်မျိုးထွဋ်ထံမှ သိရသည်။

 

နမ္မတူမြို့နယ်တွင် ဇွန် ၁၆ ရက်နေ့မှ ယခုအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၁၂ ဦးရှိပြီး ယင်းတို့အနက် ၅၂ ဦးမှာ ရောဂါကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရရှိကာ၊ သုံးဦး သေဆုံးခဲ့ပြီး၊ ပိုးတွေ့လူနာ ၅၇ ဦးမှာ ဆေးကုသမှုခံယူလျက်ရှိကြောင်း နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ပြောကြားသည်။ 

လူမော် (ပြန်/ဆက်)