ချင်းရွှေဟော်၊ ၂၂   ဇွန်

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပိုမိုထိရောက်စေရန် ရည်ရွယ်၍ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့အတွင်းရှိ အများပြည်သူများအား ကိုဗစ် -၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ဓါတ်ခွဲနမူနာ Swab များရယူခြင်းကို ဇွန်၂၂ ရက် နံနက်(၈)နာရီက ကိုးကန့်စာသင် ကျောင်းဝန်းအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ခံဆရာဝန်ဒေါက်တာသီဟ နှင့်ဝန်ထမ်းများ၊  ချင်းရွှေဟော်ကိုးကန့်ပရဟိတအဖွဲ့များ၊ သန္တိသုခလူမှုကူညီရေး အသင်းအဖွဲ့များ နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ ချင်းရွှေဟော်မြို့၊ အမှတ်(၁)ရပ်ကွက်၊အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်အတွင်းနေထိုင်ကြသည့် ဒေသခံပြည်သူများ၊ရွှေ့ပြောင်း အလုပ်သမားများ၊ ဈေးသည်များနှင့် ပြည်သူများအား  ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ  စစ်ဆေးနိုင်ရန်အတွက် ဓါတ်ခွဲနမူနာ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် Swab များ  ရယူခဲ့ကြောင်း သိရသည်။

 

၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များအား တရုတ်နိုင်ငံ၊ကြက်ခြေနီအသင်းမှလှူဒါန်းထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့ရှိ ကိုဗစ်-၁၉ရောဂါရှိ/မရှိ စစ်ဆေးသည့် RT(PCR) စက်ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ဆက်လက်  စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီထံမှ သိရှိရသည်။

 

မြို့နယ်၊ ပြန်/ဆက်