ချင်းရွှေဟော်၊ ၂၈ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့ဦးစီးမှူးရုံးမှ “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို မေလ(၂၇)ရက်နေ့မှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ချင်းရွှေဟော်မြို့ အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့ဦးစီးမှူး ဦးရှာမွေလခွန်းနှင့် ဝန်ထမ်းများက “ပန်းခင်း”စီမံချက်ဖြင့် မွေးရာပါ နိုင်ငံသားများနှင့်ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို လက်ရှိဇာတိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိ ဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်း ရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်းအိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၎င်း “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ချင်းရွှေဟော်မြို့ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့်အမှတ်(၃)ရပ်ကွက်များတွင် နေထိုင်သည့် ပြည်သူများထံသို့ အိမ်တိုင်ရာရောက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့ဦးစီးမှူးရုံးမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)


