ချင်းရွှေဟော်၊   ၁၂  ဒီဇင်ဘာ

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဒီဇင်ဘာ ၁၀ ရက်က နေရပ်ပြန်ပြည်သူ (၁၀)ဦးနှင့် ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက (၅)ဦး စုစုပေါင်း (၁၅)ဦး ထပ်မံဝင်ရောက်ခဲ့သည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူ (၁၅)ဦးမှာ အမျိုးသား(၈)ဦး၊ အမျိုးသမီး (၇)ဦးတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ (၂)ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်မှ (၁)ဦး၊ မိုင်းကိုင်မြို့နယ်မှ (၁)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့နယ်မှ (၁)ဦး၊ သိန္နီမြို့နယ်မှ (၆)ဦး၊ မိုင်းလုံမြို့နယ်မှ (၁)ဦး၊ မူဆယ်မြို့နယ်မှ (၁)ဦး၊ ကျောက်မဲမြို့နယ်မှ (၁)ဦးနှင့် တာမိုးညဲမြို့နယ် မှ(၁)ဦးတို့ ဖြစ်သည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူများကို ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကိုယ်ပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းတွင် အသွားအလာ ကန့်သတ်ထားရှိကာ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနက ၎င်းတို့ထံမှ ဓာတ်ခွဲနမူနာ Swab များရယူပြီး မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)