ချင်းရွှေဟော်၊ ၁၆ ဒီဇင်ဘာ
တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက် လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက နေရပ်ပြန်ပြည်သူ ၁၀ ဦး ထပ်မံဝင်ရောက်လာခဲ့သည်။
အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၁၀ ဦးမှာ အမျိုးသား နှစ်ဦး၊ အမျိုးသမီး ရှစ်ဦးတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့နယ်မှ တစ်ဦး၊ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်မှ တစ်ဦး၊ မတ္တရာမြို့နယ်မှ တစ်ဦး၊ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှ တစ်ဦး၊ အုတ်တွင်းမြို့နယ်မှ တစ်ဦး၊ နေပြည်တော် လယ်ဝေးမြို့နယ်မှ တစ်ဦး၊ ဇမ္ဗူသီရိမြို့နယ်မှ တစ်ဦး၊ ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှ တစ်ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့နယ်မှ တစ်ဦးနှင့် မူဆယ်မြို့နယ်မှ တစ်ဦးတို့ ဖြစ်ကြသည်။
ထိုသို့ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ချင်းရွှေဟော်မြို့၊ အမှတ်(၂) ရပ်ကွက်၊ မြို့တော်ခန်းမ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိကာ ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ၎င်းတို့အား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit ဖြင့်စစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာ Swab များရယူပြီး စစ်ဆေးနိုင်ရန် မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက် ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)


