ချင်းရွှေဟော် ၃၀ ဧပြီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမဖြစ်စေရေးတို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ချင်ရွှေဟော် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ၎င်းတို့၏ သက်ဆိုင်ရာဒေသအသီးသီး၌ ကန့်သတ်စောင့်ကြည့် ကျန်းမာရေးစစ်ဆေးမှုများ စနစ်တကျခံယူနိုင်စေရန် ဧပြီ ၃၀ ရက် နံနက် ၁၀ နာရီက နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
“ကျွန်တော်တို့ ချင်းရွှေဟော်ကနေ နေရပ်ပြန်ပြည်သူ (၄၃၂)ဉီးကို မော်တော်ယာဉ်(၈)စီး စီစဉ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးသို့ ပြန်နိုင်အောင် ဆောင်ရွက်ပေးပါတယ်၊ သူတို့ရဲ့ နေရပ်ဒေသ အသေးစိတ်အချက်အလက်များကို စနစ်တကျကောက်ယူပြီး သက်ဆိုင်ရာကို ပေးပို့ထားပြီးဖြစ်ပါတယ်၊ နေရပ်ပြန်ပြည်သူ အများစုက တရုတ်ပြည်ဘက်မှာ ကြံခုတ်၊ ခြံ၊ စိုက်ခင်းများ လုပ်ကိုင်ခဲ့ကြပြီး ဝင်ရောက်လာကြတာ ဖြစ်တယ်၊ သူတို့က ကျွန်တော်တို့ဆီမှာ Quarantine ဝင်ထားသူများ မဟုတ်ပါဘူး၊ မိမိနေရပ်များသို့ ရောက်ရှိလျှင် Quarantine (၂၁)ရက် ဝင်ရပါမှာဖြစ်ပါတယ်”ဟု ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်က ပြောသည်။
ဆက်လက်ပြီး ချင်းရွှေဟော် နယ်စပ်စစ်ဆေးရေးစခန်း လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၇)မှ အဖွဲ့ခေါင်းဆောင် လဝကမှူး ဉီးရဲထွန်းက “ယနေ့ပြန်လွှတ်လိုက်တဲ့ နေရပ်ပြန်များဟာ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ပါတယ်၊ သူတို့ထဲက တစ်ချို့ တရုတ်ဘက်က ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပြီးကြောင်း ကျန်းမာရေးထောက်ခံစာပါတယ်၊ တစ်ချို့ကမပါဘူး၊ အဲဒါကြောင့် သူတို့ကို သီးခြား ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လွှတ်ရင် ဒီဒေသမှာ သွားလာနေတဲ့ တခြားလူတွေနဲ့ ထိတွေ့လို့ပဲဖြစ်ဖြစ်၊ ရောဂါဖြစ်ပွားလာရင် ဘယ်နေရာက ကူးစက်မှန်းမသိ ဖြစ်မှာဆိုးလို့ ရောဂါကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ ယခုလို ကြပ်မတ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ကာ ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်”ဟု ပြောသည်။
အဆိုပါ နေရပ်ပြန် ပြည်သူ (၄၃၂)ဉီးတွင် အမျိုးသား (၂၇၅)ဉီး၊ အမျိုးသမီး (၁၅၇)ဉီးတို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှ (၁၀၈)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၈၂)ဉီး၊ မကွေးတိုင်းဒေသကြီးမှ (၉၁)ဉီး၊ ပဲခူးတိုင်းဒေသကြီးမှ (၃၈)ဉီး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၂)ဉီး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁၂)ဉီး၊ ကချင်ပြည်နယ်မှ (၆)ဉီး၊ ချင်းပြည်နယ်မှ (၂၄)ဉီး၊ မွန်ပြည်နယ်မှ (၁)ဉီး၊ ရှမ်းပြည်နယ်မှ (၆၄)ဉီးနှင့် နေပြည်တော်မှ (၄)ဉီးတို့ ဖြစ်ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)


